
နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလျံဟိဂ်၊ မယ်ကွမ်ရဖ်ကင်းနဲ့ ဂျက်ခ်စတောတို့က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျတွေကို ပုံဖော်ရိုက်ကူးထားတဲ့ Cancelled: The Rise and Fall of Aung San Suu Kyi လို့ အမည်ရတဲ့ သမိုင်းဝင် မှတ်တမ်းရုပ်ရှင် ဇာတ်ကားသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဗြိတိန်မှာပြုလုပ်ခဲ့ပြီး အခုလို တောင်းဆိုလိုက်တာလို့ The Independent ဗြိတိန်သတင်းစာက ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဝီလျံဟိဂ်က “ဒေါ်အောင်ဆန်းစုကြည်ဟာ မဟုတ်မမှန် လုပ်ကြံစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့် ၇၉ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ကျန်းမာရေးအရ အကျဘက်ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို မေတ္တာရပ်ခံပါတယ်။ လုပ်မှားကိုင်မှား၊ ပြောမှားဆိုမှားတွေအတွက် ပြစ်တင် ဝေဖန်ခံရမှုတွေ ဘယ်လိုပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ တွန်းအား၊ ဒီမိုကရေစီရဲ့ အမှတ်သင်္ကေတဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားသင့်တယ်” လို့ ပြောပါတယ်။
Cancelled: The Rise and Fall of Aung San Suu Kyi လို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ The Independent သတင်းစာ အယ်ဒီတာချုပ် ဂျော်ဒီဂရိဂျ်က ဒါရိုက်တာအနေနဲ့ ကိုယ်တိုင်ဇာတ်ညွှန်း ရေးသားရိုက်ကူးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဇာတ်ခုံထက်မှာ တောက်ပလာမှုနဲ့ ပြန်လည်မှေးမှိန် ကျဆင်းသွားတဲ့ အချိန်အခိုက်အတန့်တွေကို ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျ ပုံဖော်ပြသထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာကြာ အကျဉ်းကျခံကာ တွန်းလှန်ခဲ့တဲ့ ဒီမိုကရေစီရဲ့ ပြယုဂ် ဖြစ်ခဲ့ပေမဲ့လည်း ရိုဟင်ဂျာမူစလင် လူနည်းစုတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ပြောဆိုတာမျိုး မရှိခဲ့မှုနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ခံရမှုတွေက သူ့ရဲ့ဂုဏ်သတင်း ကျော်ဇောမှုတွေအပေါ် ထိခိုက်စေခဲ့တဲ့ သဘောသဘာဝတွေကို မေးမြန်း ဖော်ပြထားပါတယ်။
မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ဂျော်ဒီဂရိဂျ်က “အမေ့လျော့ခံဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိဒုက္ခတွေကို ဖော်ထုတ်ရာမှာ ဒီမှတ်တမ်းရုပ်ရှင်က အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပစ်ပယ်ထားမှုဟာ သိပ်ကိုရှုပ်ထွေးလှတဲ့ ကိစ္စတခုဖြစ်ပါတယ်။ သေချာတာကတော့ သူဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမြဲတိုက်ပွဲဝင်နေမယ်ဆိုတာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နောက်ဆုံး မျှော်လင့်ချက် မီးပြတိုက် ဖြစ်တယ်ဆိုတာပါပဲ။ ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးနိုင်ငံရေး ခေါင်းဆောင်တယောက်ဟာ အခြေအမြစ်မရှိတဲ့ စွဲချက်တွေအတွက် ထောင်ထဲမှာကို ရှိမနေသင့်ဘူး” လို့ ပြောပါတယ်။
ဒီမှတ်တမ်းရုပ်ရှင် ဇာတ်ကားထဲမှာတော့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း လော့ဒ်ဟိဂ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့ပြီး ၂ နှစ်နီးပါးကြာ ထောင်နန်းစံခဲ့ရတဲ့ ပါမောက္ခ ရှောင်တာနယ်လ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ခင်ပွန်း မိုက်ကယ်အဲရစ်တို့ရဲ့ အတန်းဖော်လည်းဖြစ်၊ အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခလည်းဖြစ်တဲ့ ကရိတ်ရိန်း၊ အောက်စဖို့ဒ် တက္ကသိုလ်က စာပေပညာရှင် အန်းပတ်စတာနတ်ခ်စလေတာ၊ ဗြိတိန်အောက်လွှတ်တော်အမတ် ဘာရိုနက်စ် ဟယ်လန်နာကနေဒီ၊ ရန်ကုန်သံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗြိတိန်သံအမတ်ကြီးဟောင်း ဆာဂျွန်ဂျန်ကင်စ်နဲ့ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်တွေ ရေးသားခဲ့တဲ့ ကလောင်ရှင်လည်းဖြစ်၊ ဗြိတိန်သတင်းစာဆရာတဦးလည်းဖြစ်တဲ့ ပီတာပေါ့ပမ်တို့က အဓိက ဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။
အချိန် ၁ နာရီနီးပါးကြာ ဒီမှတ်တမ်းရုပ်ရှင်ဟာ ၂၀၂၀ ခုနှစ်က စတင် ထုတ်လွှင့်ခဲ့တဲ့ The Independent TV အစီအစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တခုဖြစ်ပြီး ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ရိုက်ကူးထားတဲ့ The Independent သတင်းထောက်ချုပ် ဘယ်လ်ထရူးရဲ့ “The Body In The Woods” ဆုရ မှတ်တမ်းရုပ်ရှင်နဲ့ အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချမှုဥပဒေကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှုတွေကို ရိုက်ကူးထားတဲ့ “The A-Word” မှတ်တမ်းရုပ်ရှင်တွေပြီးရင် ကြာချိန် မိနစ် ၄၀ အထက်ရှိတဲ့ တတိယမြောက် မှတ်တမ်းရုပ်ရှင်ဇာတ်ကားရှည်လည်း ဖြစ်ပါတယ်။
"Cancelled: The Rise and Fall of Aung San Suu Kyi" ရုပ်သံလင့်ခ်
Source: The Independent










