
နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အိုယိုပြည်နယ်ရဲ့ မြို့တော် အီဘာဒန်မှာကျင်းပတဲ့ ဘာသာရေးပွဲ အခမ်းအနားမှာ လူအုပ်ပြိုပြီး အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဆယ်ယီမာကင်ဒယ်က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
လူအုပ်ကြီး စုဝေးရောက်ရှိနေတဲ့ အစ္စလာမ္မစ် အထက်တန်းကျောင်းတကျောင်းက မိသားစုပွဲ ကျင်းပတဲ့နေရာမှာ အခင်းဖြစ်ပွားခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေတုန်းဖြစ်ပြီး အရင်ဆုံး ဒီလူအုပ်ပြိုမှုကြီး ဖြစ်စေတဲ့ ပွဲစီစဉ်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အုပ်ချုပ်ရေးမှူး မာကင်ဒယ်က ထုတ်ပြန် ပြောထားပါတယ်။
ဆေးဖက်ဝန်ထမ်းတွေနဲ့ လူနာတင်ယာဉ်တွေ အပါအဝင် အရေးပေါ်ဝန်ဆောင်မှုတွေကို အခင်းဖြစ်ပွားရာဆီ ချက်ချင်းပို့ဆောင်ခဲ့ကြောင်းလည်း ပြောကြားပါတယ်။
တချို့ကလေးတွေကို အာဒီယိုအထွေထွေဆေးရုံမှာ တင်ထားပြီး သေဆုံးသွားတဲ့ ကလေးတွေကိုလည်း အဲဒီမှာပဲ ထားခဲ့ကြောင်း အိုယိုပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဘာယို လာဝယ်လက ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခြေအနေကို ထိန်းချုပ်ဖို့နဲ့ နောက်ထပ် အသေအပျောက်တွေကို တားဆီးဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်။
အခမ်းအနားကို ရပ်နားထားပြီး ကျန်ရှိသူတွေကိုလည်း ပွဲဝင်းမှ ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ပြောင်းပေးထားကြောင်းလည်း ဆိုပါတယ်။
ရိုက်တာကတော့ လူဘယ်လောက်တောင် သေဆုံးခဲ့တယ်၊ ဘယ်ကနေစပြီး လူအုပ်ပြိုမှု ဖြစ်ရတယ်ဆိုတဲ့ အဖြစ်အပျက်ကို အတိအကျ မဖော်ပြနိုင်သေးပါဘူး။
Source: Reuters










