DVB Logo
Home
မြန်မာသတင်း
‘ဝ’ တပ်နှင့် နယ်မြေအငြင်းပွားကိစ္စ ရင်ဆိုင်ရန်အသင့်ဟု ထိုင်းစစ်တိုင်းမှူးပြော
DVB
·
December 19, 2024
‘ဝ’ တပ်နှင့် နယ်မြေအငြင်းပွားကိစ္စ ရင်ဆိုင်ရန်အသင့်ဟု ထိုင်းစစ်တိုင်းမှူးပြော
Donate to DVB

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်ရှိ မြန်မာနယ်စပ်မှာ UWSA ‘ဝ’ တပ်ဖွဲ့နဲ့ နယ်မြေအငြင်းပွားမှုကိစ္စ ဘယ်အခြေအနေမဆို ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ထိုင်းတော်ဝင်တပ် အမှတ် ၃ စစ်ဒေသ တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး ကစ်သီဖုန်း ကျန်းဆုဝမ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ထိုင်းမြောက်ပိုင်း ဗိစနုလုတ်ခရိုင်မှာ ကျင်းပတဲ့ မြောက်ပိုင်း ၁၇ ခရိုင် ဗျူဟာတပ် အရည်အသွေးမြှင့်တင်ရေးနဲ့ ကျွမ်းကျင်မှုမြင့်မားရေး ပူးတွဲလေ့ကျင့်ရေး ဖွင့်ပွဲအခမ်းအနား တက်ရောက်အပြီးမှာ အမှတ် ၃ စစ်တိုင်းမှူးက သတင်းထောက်တွေကို ခုလိုပြောကြားခဲ့တာပါ။

မယ်ဟောင်ဆောင်ခရိုင်ထဲမှာ  UWSA ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့က ထိုင်းမြေကို ကျူးကျော်ပြီး တည်ဆောက်ထားတဲ့ တပ်စခန်း ၈ ခုကို ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ ထိုင်းစစ်တပ်ဘက်က ပြောထားတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ ယမန်နေ့ဟာ ပြောထားတဲ့ ဒိတ်လိုင်း နောက်ဆုံးနေ့ဖြစ်တဲ့အတွက် အခြေအနေကို သတင်းထောက်တွေက မေးမြန်းခဲ့တာပါ။

အမှတ် ၃ စစ်တိုင်းမှူးကတော့ အရင်လ ၁၈ ရက်နေ့က ဆုတ်ပေးဖို့ပြောခဲ့တယ်၊ အဲဒါ ဝ တပ်ဘက်က သူတို့ အထက်လူကြီးတွေကို ပြန်တင်ပြပြီး ရက် ၃၀ (တလ) အတွင်း အကြောင်းပြန်မယ်လို့ ပြောဆိုခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီကိစ္စ လောလောဆယ် သူတို့နိုင်ငံအတွင်းပိုင်းမှာ သူတို့ချင်း ဆွေးနွေးနေကြတယ်။ ကျနော်တို့ စစ်တပ်ဘက်ကတော့ ဖြစ်ပေါ်လာမယ့် ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ စစ်ရေးလေ့ကျင့်တာကတော့ အမြဲတမ်းပါပဲ၊ အခုလည်း နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ရှိတယ်၊ ပစ်ခတ်တာတွေရှိတယ်၊ ဒါက ပုံမှန်ကိစ္စပါ” လို့ အမှတ် ၃ စစ်တိုင်းမှူးက ပြောပါတယ်။

တကယ်လို့ ‘ဝ’ တပ်ဘက်က စခန်းတွေ မဆုတ်ပေးရင်ကော ပစ်မှာလားလို့ သတင်းထောက်က ဆက်မေးရာမှာ လော‌လောဆယ် ကမ္ဘာပေါ်မှာ တိုက်ပွဲတွေဖြစ်နေကြတယ်၊ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ ပြဿနာကို တွေ့ဆုံဆွေးနွေးနည်းနဲ့ပဲ ဖြေရှင်းကြတယ်၊ လက်နက်နဲ့ ဖြေရှင်းတာက နောက်ဆုံးရွေးချယ်မှုပဲလို့ ဖြေကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ တပ်စခန်း ၉ ခု ပြန်ဆုတ်ပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတဲ့ကိစ္စ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပါဝင်တဲ့ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ ဆွေးနွေးသွားမယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ထိုင်းလူမှုကွန်ရက်မှာတော့ ‘ဝ’ နယ်မြေကျူးကျော်တဲ့ကိစ္စ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်တို့ သဘောထား ပျော့ပျောင်းတယ်၊ ထိုင်းစစ်တပ်က မပစ်ရင် ဘာအတွက် ဖွဲ့စည်းထားတာလဲလို့ ဝေဖန်နေကြပါတယ်။

နယ်မြေအငြင်းပွားကိစ္စအတောအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က ထိုင်းငါးဖမ်းလှေကို မြန်မာ့ရေပိုင်နက် ကျူးကျော်တယ်ဆိုပြီး မြန်မာ့ရေတပ်က ပစ်ခတ်ကာ ထိုင်းတယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ၊ ငါးဖမ်းလှေနဲ့ လှေပေါ်က ထိုင်း ၄ ယောက်၊ ရွှေ့ပြောင်းလုပ်သား ၂၇ ယောက်တို့ကို ဖမ်းဆီးပြီး ထောင်ဒဏ် ငွေဒဏ် အပြစ်ပေးခဲ့တဲ့အပေါ်မှာ  မြန်မာတပ်ဘက်က ပြတ်သားတဲ့ ဆောင်ရွက်ပုံနဲ့ ထိုင်းဘက်က မြေကျူးကျော်ခံရချိန် ထိုင်းဘက်က အေးဆေးတဲ့ တုံ့ပြန်ချက်ကို နှိုင်းယှဉ်ပြီး အားမလိုအားမရ ပြစ်တင်ဝေဖန်နေကြပါတယ်။

တောင်ပိုင်း ‘ဝ’ တပ်ဖွဲ့ဟာ ထိုင်းနယ်စပ်ဘက် ရှေ့တိုးလာတာဟာ ‘ဝ’ ပြည်နယ်ထူထောင်ရေး နယ်မြေချဲ့ထွင်လိုတာကတကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးလိုတာကတ‌ကြောင်း၊ နယ်စပ် တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်လိုတာကြောင့် ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source: ThaiPBS North / Dailynews Online

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013