DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ခံများ  ဂျိုးဖြူရေမရသည့် အခက်အခဲ ကြုံတွေ့နေရ
DVB
·
December 19, 2024
ရန်ကုန်မြို့ခံများ  ဂျိုးဖြူရေမရသည့် အခက်အခဲ ကြုံတွေ့နေရ
Donate to DVB

ရန်ကုန်မြို့တော်စည်ပင်က ဖြန့်ဝေနေတဲ့ ဂျိုးဖြူရေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်လောက်ကစပြီး ရေမရရှိတဲ့ရက်တွေ များလာတာအပြင် ရေလာတဲ့ ရက်တွေမှာလည်း ရေညစ်တာတွေ ဖြစ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံတွေအနေနဲ့ ဂျိုးဖြူရေကို နေ့လယ်ပိုင်းမှာ လိုအပ်ပေမဲ့ လက်ရှိမှာ မော်တာနဲ့ မောင်းလို့တောင် မရဖြစ်နေပြီး ဘာကြောင့် ရေပြတ်တောက်နေလဲ ဆိုတာကိုတော့ ရန်ကုန်စည်ပင်က အသိပေးထားတာမျိုး မရှိသေးဘူးလို့ မြောက်ဥက္ကလာပမြို့နယ်နေသူ တယောက်က DVB ကို ပြောပါတယ်။

“ကျနော်တို့က ဂျိုးဖြူရေကိုပဲ အားထားပြီး သုံးနေရတာ။ ပြီးခဲ့တဲ့ လမကုန်ခင်လောက်ကစပြီး ရေကမလာတော့တာ။ လေးငါးဆယ်ရက်လောက်မှ တခါလာတယ်။ လာရင်လည်း ရေက ဂျိုးမဲရေဖြစ်နေတာ။ မီးလာတဲ့အချိန်လေး မော်တာနဲ့မောင်းတင်တာတောင် မရဘူး။ လကုန်ရင် ရေမီတာခကတော့ မှန်နေတာပဲ။ စည်ပင်အနေနဲ့ ဘာကြောင့်ဆိုတာကို အသိပေးသင့်တယ်လို့ ထင်ပါတယ်။”

ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ဂျိုးဖြူရေလိုချင်ရင် မော်တာတပ်ထားတဲ့ နေအိမ်တွေကတော့ ညပိုင်းအချိန်တွေမှာ ရရှိနေပြီး မော်တာတပ်မထားဘဲ ဂျိုးဖြူရေသွယ်တန်းထားတဲ့ နေအိမ်တွေကတော့ မီးပျက်တဲ့အချိန်တွေနဲ့ ညနက်တဲ့အချိန်တွေမှသာ ရေရရှိနေကြောင်း သိရပါတယ်။

ဂျိုးဖြူရေလှောင်ကန်ဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာရှိပြီး ဂျိုးဖြူရေကန်၊ ရေပိုက်လိုင်းနဲ့ ရေပေးဝေရေးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနက စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

ရွှေပေါက်ကံမြို့သစ်နေသူတယောက်ကလည်း “ဂျိုးဖြူရေက မိုးရာသီတချက်ပဲရတာ။ အခုနောက်ပိုင်း ရကိုမရတော့တာ။ အိမ်တွေကလည်း မော်တာတွေနဲ့ အပြိုင်ဆွဲနေကြတော့ မြင်တဲ့အတိုင်းပဲ ရေကိုဖွင့်ထားတာ တစက်လေးတောင် မကျတော့ဘူး။ မော်တာနဲ့ဆွဲတဲ့အိမ်တွေကလည်း ရေက အရင်လို အများကြီးမလာတော့သလို လာရင်လည်း ရေတွက ညစ်ပတ်နေလို့ ပုံးထဲ တရက်ခံထားပြီးမှ သုံးလို့ရတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနအနေနဲ့ ဂျိုးဖြူပိုက်လိုင်းတလျှောက် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း စတဲ့မြို့နယ်တွေကလည်း ဂျိုးဖြူရေကို မဖြစ်မနေ ထုတ်ယူသုံးစွဲနေရတာပါ။

ဒါ့အပြင်ရန်ကုန်မြို့လယ် Downtown Area မှာလည်း ရေပေးဝေမှု အားနည်းခဲ့တာကြောင့် ဂျိုးဖြူရေပေးရေးစနစ်ရဲ့ တရက် ရေဂါလန် ၂၇ သန်း ပေးဝေမှုဟာ အားလုံးကို မျှပြီး ပေးဝေနေရတဲ့အတွက် အချိန်ပိုင်းရေပေးရေးစနစ် ဖြစ်လာခဲ့တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန (အင်ဂျင်နီယာ) ရဲ့  ၂၀၂၀ ပြည့်နှစ် စစ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013