
စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ပူးပေါင်းပြီး တခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာဖို့ သဘောတူညီခဲ့တယ်လို့ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ရဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်က တော်လှန်ရေးနယ်မြေတနေရာမှာ ကျင်းပခဲ့ပြီး အခုလို တခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာဖို့ သဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက “မိမိတို့ရဲ့ မွန်တပ်တွေ အားလုံးရဲ့ ဘုံရည်မှန်းချက်က မွန်ပြည်နယ်မှာ လှုပ်ရှားနေကြတဲ့ မွန်တပ်ဖွဲ့တွေ အားလုံး တစုတစည်းတည်း ဗျူဟာမြောက် ပေါင်းစည်းနိုင်ပြီးတော့ တခုတည်းသော မွန်လက်နက်ကိုင်တပ် တခုအဖြစ် လှုပ်ရှားနိုင်မှသာ မိမိတို့မျှော်မှန်းထားတဲ့ အမျိုးသားတော်လှန်ရေး၊ နွေဦးတော်လှန်ရေးရဲ့ ဒီမိုကရေစီ တော်လှန်ရေးအောင်ပွဲဆီကို ရောက်သွားမှာပါ။ ဒါကြောင့်မို့ အခုလောလောဆယ် မွန်ပြည်နယ်နဲ့ ဆက်စပ် တိုင်းဒေသကြီးတွေမှာ လှုပ်ရှားနေတဲ့ အဓိက မွန်လက်နက်ကိုင်တပ်ဖွဲ့က ၄ ဖွဲ့ပဲ ရှိနေတဲ့ အတွက်ကြောင့် ဒီ ၄ ဖွဲ့ကနေတဆင့် တကယ်လို့များ နောက်နောင် ပေါ်ပေါက်လာမယ့် မွန်လက်နက်ကိုင်တပ်တွေ ဖြစ်စေ၊ တခြားတပ်ဖွဲ့တွေနဲ့ ဖြစ်စေ တခုတည်းသော မွန်လက်နက်ကိုင်တပ်မတော် ဖြစ်ဖို့အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ ဒီလိုတပ်တော်မျိုး ပေါ်လာဖို့အတွက် ကြိုးစားသွားမှာပါ” လို့ DVB ကို ပြောပါတယ်။
စက်တင်ဘာလတုန်းကလည်း အခုလို ၄ ဖွဲ့ စုံညီတွေ့ဆုံခဲ့ကြပေမဲ့ သဘောတူညီချက် အခိုင်အမာ မရရှိခဲ့ဘဲ ဒီဇင်ဘာ ၁၈ ရက် တွေ့ဆုံမှုမှာမှ အခုလို သဘောတူညီချက် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ဖို့ သဘောတူညီပြီး ပထမအဆင့်အနေနဲ့ တပ်ဖွဲ့ ၄ ဖွဲ့မှ ပူးတွဲ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ သဘောတူညီတယ်လို့ ဖော်ပြပါရှိပါတယ်။
မြတ်သဇင်











