DVB Logo
Home
မြန်မာသတင်း
ဟွန်းတီးသံကျယ်လောင်သဖြင့် မြန်မာနှင့် ထိုင်း အုပ်စုဖွဲ့ရန်ဖြစ်၊ မြန်မာ ၃ ဦး ဒဏ်ရာရ 
DVB
·
July 7, 2026
Photo : Amarin TV
Photo : Amarin TV
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်၊ ဘန်ဆောင်ထုန်းမြို့ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဟွန်းတီးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတချို့နဲ့ ထိုင်းဒေသခံတွေကြား အုပ်စုဖွဲ့ ရန် ဖြစ်ကြ ပြီး မြန်မာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၅ ရက် ညသန်းခေါင်ကျော်ချိန်က ဘန်ဆောင်ထုန်းမြို့ ထိုင်းပရကန်လမ်းသွယ် ၃၂ ထိပ်မှာ  လူငယ်တွေ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေရှိကြောင်း သတင်းရလို့ ရူမ့်ကသန်ဖောင်ဒေးရှင်း အရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့နဲ့အတူ အခင်းဖြစ်တဲ့နေရာ သွားရောက် စစ်ဆေးခဲ့ကြောင်း ဘန်ဆောင်ထုန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန် ရန်ပွဲပြီးဆုံးပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၃ ယောက်နဲ့အတူ အနီးနား တဝိုက်မှာ သွေးစသွေးနတွေ ဘီယာပုလင်းအကွဲအရှတွေ ပြန့်ကြဲနေတာ တွေ့ရပါတယ်။ 

မြန်မာရွှေ့ပြောင်းလုပ်သား ကိုထွန်းမင်းလွင် (၄၇ နှစ်) မှာ နဖူး နဲ့ နောက်စေ့ ဒဏ်ရာ၊ ကိုမျိုးကျော်သူ (၃၇ နှစ်) မှာ ဦးခေါင်း၊ ကိုရှိုင်း (၃၃ နှစ်) မှာ နားရွက် ကွဲအက်ပြတ်ရှဒဏ်ရာတွေ အသီးသီးရခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က ဘန်နား (၂) ဆေးရုံကို ပို့ဆောင်ကုသပေးထားပါတယ်။ 

ထိုင်းဒေသခံ ၂ ယောက်လည်း ဒဏ်ရာအနည်းငယ်စီရထားတယ်။ သူတို့ကတော့ ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ဘန်ဆောင်ထုန်းနယ်မြေရဲစခန်းမှာ သွားရောက်တိုင်တန်းထားတယ်လို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  ထိုင်းဒေသခံ နိုင်းဆေရီက “ဒီမတိုင်ခင်က သူ့သူငယ်ချင်း ၂ ယောက်ဟာ ဆိုင်ကယ်ဟွန်းသံ ကျယ်လောင်စွာတီးလို့ဆိုပြီး မြန်မာလုပ်သား  ၂၀ လောက်က ဝိုင်းပြီး ရန်လုပ်တာ ခံရတယ်”လို့ ပြောတယ်။

ဒါကြောင့် ထိုင်းဒေသခံဘက်ကလည်း လူစုပြီး ရောက်လာတာ သူတို့ရောက်တော့ မြန်မာ အလုပ်သမားတွေ ဒဏ်ရာရနေပြီ ဘယ်သူ့လက်ချက်လဲတော့ မသိဘူးလို့ ဆိုပါတယ်။ 

မြန်မာအလုပ်သမားတွေရဲ့ အလုပ်ကြီးကြပ်သူ နိုင်းဆစ်ထိကွဏ်း (၃၈ နှစ်) ကတော့ သူ့အလုပ်သမားနဲ့ ထိုင်းဒေသခံတွေ အုပ်စုဖွဲ့ရန်ဖြစ်တယ်၊ ထိုင်းဘက်က လူလည်းများတယ် ကြားလို့ ရောက်လာတာဖြစ်တယ်၊ အကြောင်းရင်းကတော့ ဆိုင်ကယ်ဟွန်းတီးသံ ကျယ်တာကစတယ်လို့  ဆိုတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိဘူး၊ မြန်မာလုပ်သားတွေ မေးတော့လည်း နားမလည်ဘူးလို့ ပြောပါတယ်။

ဘန်းဆောင်ထုန်းရဲစခန်းကတော့ အခင်းဖြစ်ပွားရာမှာ ပါဝင်ပတ်သက်သူတွေကို ခေါ်ယူစစ် ဆေးနေပြီး ဥပဒေအရ အရေးယူမယ်လို့  ပြောသွားပါတယ်။ 

Source: Amarin TV / စမွတ်ပရကန်ဒေသတွင်းသတင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013