
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသားတယောက် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်နဲ့ အစပ်မှာရှိတဲ့ ပဒေသာကျေးရွာကို စစ်ကောင်စီရဲ့ ပါဒလိတ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်က စစ်ဘေးရှောင်နေတဲ့ အမျိုးသားတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ပဒေသာကျေးရွာက အမျိုးသမီး ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေ ပါဒလိတ်ကျေးရွာဘက်က တပ်ရင်းက လက်နက်ကြီးတွေ မနေ့က တညလုံးပစ်တာ။ အဲဒီမှာ ပဒေသာကျေးရွာမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီးတော့ စစ်ရှောင်အမျိုးသားတဦး သေဆုံးခဲ့တယ်။ နောက်ထပ် အမျိုးသမီး ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ပုဏ္ဏားကျွန်းနယ်မှာက စစ်ကောင်စီတပ်စခန်းတွေလည်း ရှိတော့တာမဟုတ်ဘူး။ စစ်ကောင်စီက ဒီအတိုင်း အရပ်သားတွေ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ။”
သေဆုံးသွားသူမှာ စစ်တွေမြို့နယ်၊ ကြံတောကျေးရွာက ဦးမောင်ယဥ်သာ (၅၈ နှစ်) ဖြစ်ပြီး ပဒေသာကျေးရွာက ဒေါ်မသိန်းနု၊ ဒေါ်သိန်းနုမာ၊ မဘုမချေနဲ့ နောက်ထပ် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် အဲဒီကျေးရွာ ၂၀ ထက်မနည်းက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပုဏ္ဏားကျွန်းမြို့ကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်း နယ်စပ်အကြားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တို့အကြား စစ်ရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။