DVB Logo
Home
မြန်မာသတင်း
ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း စစ်မတိုက်ဘဲ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာ
DVB
·
December 19, 2024
ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း စစ်မတိုက်ဘဲ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၈ ရက်ညမှာ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဝန်ကြီး၊ နပခတိုင်းမှူးနဲ့ နတခတိုင်းမှူးတို့ကို ရာထူးအပြောင်းအလဲ လုပ်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် အရပ်ဘက်ကို ပို့လိုက်ပြီး သူ့ရဲ့နေရာကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့  အစားထိုး ခန့်ထားခဲ့တာပါ။

စစ်တပ်ရဲ့ နံပါတ် ၃ နေရာဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာကို စစ်ဦးစီးချုပ် (ကြည်း) နဲ့ စစ်ထောက်ချုပ်တာဝန်ယူထားတဲ့ အသက် ၅၃ နှစ်သာရှိသေးတဲ့ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ခန့်ခဲ့တာပါ။

စစ်တပ်နဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်က “စစ်မတိုက်ရဘဲ ရာထူးတက်တာဆိုလို့ ဗိုလ်ချုပ်ကြီးကျော်စွာလင်း ပဲရှိတယ်။ သူ့ကို အကုန်လုံးက တပ်ချုပ်နေရာတောင် ထင်ကြေးပေးကြတာ။ သူသာ တပ်ချုပ်ဖြစ်ရင် စစ်သားဆိုတာ အရုပ်ရေးပြီးကြည့်ရမယ့်ဘဝ ဖြစ်သွားမယ်” လို့ ပြောပါတယ်။

၁၉၈၉ ခုနှစ်က DSA အပတ်စဥ် ၃၅ ကို ဗိုလ်ချုပ်ကြီးကျော်စွာလင်း တက်ခဲ့ပြီး သူနဲ့ အပတ်စဥ်တူတဲ့သူတွေကတော့ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ဗိုလ်မှူးချုပ်အောင်သိန်းတို့ ဖြစ်ပါတယ်။

ဗိုလ်သင်တန်းဆင်းပြီးနောက် ၁၉၉၂ ခုနှစ်မှာ စစ်ဦးစီးရုံးမှာ ဒုဗိုလ်ကနေ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိ ​ဖြစ်လာခဲ့သူပါ။

ဒုချုပ်ရဲ့ ကိုယ်ရေးအရာရှိဖြစ်လာတဲ့ ဗိုလ်ကြီးကျော်စွာလင်းဟာ စစ်မတိုက်ရဘဲ ၂၀၀၃ ခုနှစ်မှာ ဗိုလ်မှူးဖြစ်လာပြီး ၂၀၁၀ ခုနှစ်မှာ ဒုဗိုလ်မှူးကြီးအဆင့်ကို ရာထူးတိုးကာ ပျဥ်းမနားအခြေစိုက် ခမရ ၄၁၁ မှာ တပ်ရင်းမှူး ဖြစ်လာခဲ့ပါတယ်။

စစ်မတိုက်ရပေမဲ့ ရာထူးမကြာခဏတိုးနေတဲ့သူဟာ ၂၀၁၄ ခုနှစ်မှာ တြိဂံတိုင်းစစ်ဌာနချုပ်မှာ စစ်ဗျူဟာအခြေချနည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဖြစ်လာပါတယ်။

အဲ့ကနေတဆင့် ၂၀၁၇ ခုနှစ်မှာ စစ်ခေါင်းဆောင်က ဗိုလ်မှူးချုပ်ရာထူးကို ထပ်မံတိုးမြှင့်ခဲ့ပြီး နေပြည်တော်အခြေစိုက် အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူးအဖြစ် ခန့်အပ်ခဲ့ပြီး ရခိုင်ပြည်နယ် စစ်ဆင်ရေးကို စေလွှတ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လထဲမှာ ဗိုလ်မှူးချုပ်ဘဝနဲ့ပဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ၂၀၁၉ ခုနှစ်မှာ ဗိုလ်ချုပ်ဖြစ်လာကာ ၂၀၂၀ ပြည့်နှစ်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို တိုးကာ စစ်ထောက်ချုပ်နဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ကို ပူးတွဲ ထမ်းဆောင်ခဲ့ပါတယ်။

အငြိမ်းစားအရာရှိတယောက်က “သူက စီနီယာတွေအပေါ်တော့ လေးစားသမှုရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုတော့ မရှိဘူး။ ၂၀၁၇ မှာ စကခမှူးဖြစ်တော့ ရခိုင်ပြည်က လူမျိုးတုံး သတ်ဖြတ်မှုမှာ သူ့ကြောင့် နပခတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ပြုတ်သွားတယ်။ သူက ရှောင်ထွက်သွားတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) ခန့်အပ်ပြီး သူ့နေရာကို အမှတ် ၁၃ တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို ခန့်ခဲ့ပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အဖြစ် ပို့ဆောင်ပြီး သူ့နေရာကို တပ်ထိန်းချုပ် ဗိုလ်မှူးချုပ်စိုးကျော်ထက်ကို ခန့်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013