
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် လက်အောက်က မြန်မာစစ်တပ်ရဲ့ အရေးကြီးတဲ့ ရာထူးနေရာတခုဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို တာဝန်ပေး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
ယခင်က ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ညှိနှိုင်းကွပ်ကဲရေးမှူးနေရာ ပေးထားပေမဲ့ ဒီလအစောပိုင်းမှာ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တာကြောင့် ညှိနှိုင်းကွပ်ကဲရေးမှူးနေရာဟာ လစ်လပ်နေခဲ့တာပါ။
အဲဒီလစ်လပ်နေတဲ့နေရာကို အရင်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးဖြစ်ခဲ့ဖူးသူ ဒုဗိုလ်ချုပ်ကြီး သန်းထိုက်နဲ့ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။
အာဏာရှင်သမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးဟာ မြန်မာစစ်တပ်ရဲ့ တတိယ အာဏာအရှိဆုံး နေရာတခုလည်း ဖြစ်ပါတယ်။
အခု ညှိကွပ် အသစ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းထိုက်ဟာ ယခင်က တပ်မတော် (ကြည်း) စစ်ဦးစီးအရာရှိချုပ်ဖြစ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၃၈ ဆင်းဖြစ်တဲ့အပြင် ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
လက်ရှိမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကိုတော့ စစ်တက္ကသိုလ်အပတ်စဥ် ၃၈ ကပဲ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရခ) ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တာဝန်ပေးခန့်အပ်ခဲ့ပြီး စရခ ချုပ်နေရာကိုတော့ တပ်မ တော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီး ပြည့်စုံလင်းကို တာဝန်ပေးထားတယ်လို့ နေပြည်တော်က စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။











