
စစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ရာထူးကနေ ဖယ်လိုက်ပြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးလိုက်တယ်လို့ ကြေညာပါတယ်။
စစ်ကောင်စီဩဇာခံ မီဒီယာတွေကနေ ဒီဇင်ဘာ ၁၈ ရက်ညမှာ ထုတ်ပြန်လာတာဖြစ်ပြီး ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တယ်လို့လည်း ထုတ်ပြန်လာပါတယ်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးကနေ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တာပါ။
စစ်ကောင်စီရဲ့ အစိုးရအဖွဲ့မှာ မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပြီး ဒုတိယဝန်ကြီးချုပ် ၅ ယောက်ရှိတာကြောင့် အခု ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဆိုတဲ့ ရာထူးအသစ်နဲ့ ဒုတိယ ဝန်ကြီးချုပ် ၆ ယောက် ရှိလာပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နဲ့စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်တို့ကိုလည်း သူ့ရဲ့ ဝန်ကြီးအများအပြားကိုသုံးပြီး ဖွဲ့စည်းကြောင်းလည်း ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို မကြာခဏပြောင်းလဲလေ့ရှိပြီး အခုတော့ ရခိုင်ပြည်နယ်မှာ အကြီးအကျယ်စစ်ရှုံးနေချိန် ကာကွယ်ရေးဝန်ကြီးကို အပြောင်းအလဲ လုပ်တာဖြစ်ပါတယ်။