
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆက်သ်ဟာ ပင်တဂွန် စစ်ဦးစီးအဖွဲ့မှာ အကြီးတန်း စီမံကိန်းရေးဆွဲသူအဖြစ် တာဝန်ယူထားတဲ့ အမေရိကန် ကြည်းတပ် ဒု-ဗိုလ်ချုပ်ကြီး ဘရက်တ် ဆေးလ်ဗီးယားကို လျှို့ဝှက်ချက်တွေ အများပြည်သူထံ ပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
လူထုထောက်ခံမှု မရှိလှတဲ့ အီရန်စစ်ပွဲ ၉ လထဲ ရောက်လာချိန်မှာ သတင်းမီဒီယာတွေဆီ သတင်းအချက်အလက်တွေ ပေါက်ကြားစေတယ်လို့ သံသယရှိရတဲ့ တာဝန်ရှိသူတွေကို ရှာဖွေဖော်ထုတ်ဖို့ ပိထ်ဟဂ်ဆက်သ်က အရှိန်မြှင့် စုံစမ်းစစ်ဆေးမှုတွေထဲမှာ ဆေးလ်ဗီးယားကို ရာထူးက ထုတ်ပယ်လိုက်တာဟာ လက်ရှိအချိန်ထိ အထင်ရှားဆုံး အရေးယူမှုတခု ဖြစ်လာပါတယ်။
ဟဂ်ဆက်သ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေထဲမှာ သတင်းပေါက်ကြားတဲ့ အရင်းအမြစ်ကို ဖော်ထုတ်ဖို့ ပင်တာဂွန် အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းတာနဲ့ အရာရှိကြီးတွေကို အလိမ်ဖော်စက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးတာတွေ ပါဝင်ပါတယ်။
အမည်မဖော်လိုတဲ့ ပင်တဂွန် အရာရှိကြီးတယောက်ကတော့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဆေးလ်ဗီးယားကို အလိမ်ဖော်စက်နဲ့ ၃ ကြိမ် စစ်ဆေးခဲ့ရာမှာ မအောင်မြင်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
“သူ့ရဲ့ သတင်းပေါက်ကြားစေခဲ့တဲ့ အတိုင်းအတာမှာ သက်ရောက်မှု အရမ်းကြီးမားပြီး အန္တရာယ် များလွန်းတာကြောင့် ဝန်ကြီး ဟဂ်ဆက်သ်က နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဆေးလ်ဗီးယားကို ချက်ချင်း ရာထူးက ထုတ်ပယ်ခဲ့တာပါ။ ဒါဟာ တစက္ကန့်လောက်တောင် စောင့်ဆိုင်းလို့မရဘဲ အရေးပေါ် အရေးယူဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်” လို့ အဲဒီအရာရှိက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ကတော့ ဆေးလ်ဗီးယားကို အမျိုးသမီးတယောက်အဖြစ် မှားယွင်း ပြောဆိုမိရင်း အဲဒီ အမေရိကန်ဗိုလ်ချုပ်မှာ “ပြဿနာတွေ ရှိနေပြီ” လို့ ပြောခဲ့ပါတယ်။
“ကျုပ်တို့ သတင်းပေါက်ကြားသူတွေကို အထူးလိုက်ရှာနေတာပါ။ သူကတော့ ရေရှည်မှာ ပြဿနာအကြီးကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆေးလ်ဗီးယားကို သီးခြားမှတ်ချက်တောင်းခံဖို့ ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။
Source: Reuters











