
မော်စကိုမှာ ရုရှားဗိုလ်ချုပ်ကြီးကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ အသက် ၂၉ နှစ်အရွယ်ရှိ ဥဇဘက်ကစ္စတန် အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရုရှားလုံခြုံရေးအဖွဲ့က ပြောပါတယ်။
နျူးကလီးယား၊ ဇီဝ၊ ဓာတုကာကွယ်ရေးအဖွဲ့ (NBC) ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဂါကီရီလော့ဗ်နဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူတို့ဟာ အိမ်ပြင်ထွက်ချိန် စကူတာမှာဗုံးတပ်ပြီး အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ယောက်စလုံး သေဆုံးခဲ့ရပါတယ်။
ဒီဖောက်ခွဲမှုမှာ ယူကရိန်းစုံစမ်းရေးအဖွဲ့ရဲ့ တပ်သားသစ်အဖြစ် သံသယရှိသူတယောက်ကို ဖမ်းထားတာလို့ ရုရှားလုံခြုံရေးအဖွဲ့က ဆိုပါတယ်။
အင်္ဂါနေ့ ဗုံးခွဲတိုက်ခိုက်မှုက ယူကရိန်းလုံခြုံရေးအဖွဲ့ လက်ချက်ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိ ကီရီလော့ဗ်ဟာ စစ်တရားခံတယောက်ဖြစ်လို့ တရားဝင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ယူကရိန်းလုံခြုံရေးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမလုပ်ခင် တနင်္လာနေ့ကတည်းက ကီရီလော့ဗ်ဟာ တားမြစ် ဓာတုလက်နက်တွေ အသုံးပြုခဲ့မှုအတွက် အဓိက တာဝန်ခံရမယ့်သူလို့ ယူကရိန်းက ထုတ်ပြောခဲ့ဖူးပါတယ်။
အခုဖမ်းထားတဲ့သူဟာ ယူကရိန်းအထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်သစ်တယောက်ဖြစ်ပြီး သူ မော်စကို ရောက်လာတာ၊ ကီရီလော့ဗ် နေတဲ့နေရာကို ကားငှားတာတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီနောက် လျှပ်စစ်စကူတာမှာ ပေါက်ကွဲစေတဲ့ပစ္စည်း တပ်ဆင်ခဲ့ပြီး ကီရီလော့ဗ် နေထိုင်တဲ့ အဆောက်အဦမှာ ထားခဲ့တာလို့ ရုရှားလုံခြုံရေးအဖွဲ့က ဆိုပါတယ်။
Source : Reuters