
တောင်အာဖရိကနိုင်ငံဟာ အချစ်ရေးနဲ့ အီလက်ထရွန်နစ် ဆက်သွယ်ရေး နည်းလမ်းသုံး လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ Black Axe ဒုစရိုက်ဂိုဏ်းဝင်လို့ သံသယရှိသူ နိုက်ဂျီးရီးယားနိုင်ငံသား ၆ ယောက်ကို အမေရိကန်ဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တောင်အာဖရိကရဲ့ ထိပ်သီး စွန်ရဲ အထူးရဲတပ်ဖွဲ့ (Hawks) က စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
အဲဒီလူတွေကို အီလက်ထရွန်နစ် ဆက်သွယ်ရေး နည်းလမ်းသုံး လိမ်လည်မှု၊ ငွေကြေးခဝါချမှု အပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ အမေရိကန်အာဏာပိုင်တွေက အလိုရှိနေတာပါ။
သူတို့ဟာ အမေရိကန်က အမျိုးသမီး ၁၀၀ ကျော်ကို ပစ်မှတ်ထားပြီး အွန်လိုင်းအချစ်ရေး လိမ်လည်မှုတွေကနေတဆင့် ရန်းဒ်ငွေ သန်း ၁၀၀ ကျော် (အမေရိကန်ဒေါ်လာ ၆.၂ သန်း) လိမ်လည်ခဲ့ကြတာလို့ Hawks တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သားကောင်ဖြစ်ခဲ့ရသူတွေထဲမှာ ပင်စင်စားတွေနဲ့ စီးပွားရေးသမားတွေ ပါဝင်ပါတယ်။
"နီယို အာဖရိက လူမည်း လှုပ်ရှားမှု" ဆိုတဲ့ ကျောင်းသားအသင်းဖွဲ့ကနေ ၁၉၇၀ နှောင်းပိုင်းကာ လတွေတုန်းက စတင်ခဲ့တဲ့ Black Axe ဂိုဏ်းဟာ နောက်ပိုင်းမှာ ငွေကြေးဆိုင်ရာ ဆိုက်ဘာ ပြစ်မှုတွေကို ကျူးလွန်တဲ့ အကြမ်းဖက်ဒုစရိုက်ဂိုဏ်း ဖြစ်လာခဲ့တာပါ။
၂၀၂၁ ခုနှစ်က ကိပ်တောင်းမြို့မှာ ကာလကြာ စုံစမ်းစစ်ဆေးရေးအတွင်း Black Axe ဂိုဏ်းဝင် နိုက်ဂျီးရီးယား နိုင်ငံသား ၈ ယောက်ကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ထဲက တယောက်က ရန်းဒ် ၂ သိန်း ၁ သောင်းနဲ့ အာမခံရထားသလို၊ နောက် တယောက်ကို အမေရိကန်ဆီ လွှဲပေးခဲ့ပြီးပြီလို့ Hawks ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ခတ်တဲလ်ဂို မိုဂါလေး က ဆိုပါတယ်။
ကျန် ၆ ယောက်ကို သောကြာနေ့မွန်းလွဲပိုင်းမှာ ကိပ်တောင်းန် နိုင်ငံတကာလေဆိပ်ကနေ FBI၊ အထူးတပ်ဖွဲ့နဲ့ အင်တာပိုလ် တာဝန်ရှိသူတွေက လေယာဉ်ပေါ် ခေါ်ဆောင်သွားကြပြီး အမေရိကန်မြေပေါ် ရောက်တာနဲ့ သူတို့ကို တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန်အတွင်း အကျဉ်းထောင်ဆီ ပို့ဆောင်ခံရဖို့ ပိုများတယ်လို့လည်း တပ်ဖွဲ့က ဆိုပါတယ်။
ဒီတရားခံလွှဲပြောင်းမှုဟာ အခုနှစ်ဆန်းပိုင်းတုန်းက ဆွစ်ဇာလန်နဲ့ စပိန်တို့မှာ တခြား Black Axe ဂိုဏ်းဝင်လို့ သံသယရှိသူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters











