
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ ကနေဒါအခြေစိုက် ဗစ္စလာဆေးလ်ဗား ကော်ပိုရေးရှင်းပိုင် သတ္တုတွင်းကုမ္ပဏီက လုပ်သား ၁၀ ယောက် ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူလို့ သံသယရှိသူ ၄ ယောက်ကို မက္ကဆီကိုစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေးဝန်ကြီး အိုမာဂါစီယာ ဟာဖွှတ်ချ်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်ရဲ့ မနက်ခင်း သတင်းစာရှင်းလင်းပွဲအတွင်းမှာ လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်က ပြောသွားတာမှာ အဖမ်းခံရသူတွေရဲ့ အစောပိုင်း ထွက်ဆိုချက်အရ သူတို့ဟာ သေဆုံးသူ လုပ်သားတွေကို ပြိုင်ဘက်ဂိုဏ်းဝင်တွေလို့ မှားယွင်းယူဆပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်မှုများပြားနေတဲ့ မက္ကဆီကိုမြောက်ပိုင်းမှာ ဗစ္စလာဆေးလ်ဗား ကော်ပိုရေးရှင်းမှာ လုပ်ကိုင်နေတဲ့ သတ္တုတွင်းလုပ်သား ၁၀ ယောက် ဖမ်းဆီးခေါ်ဆောင်ခံရကာ သတ်ဖြတ်ခံခဲ့ရတာပါ။
ဆီနာလိုအာပြည်နယ် အာဏာပိုင်တွေက သေဆုံးသူ ၁၀ ယောက်ရဲ့ အလောင်းတွေကို ပြန်တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၉ ရက်မှာ ကြေညာခဲ့ပေမဲ့ အလောင်း ၅ လောင်းကိုသာ အတည်ပြု ခွဲခြားနိုင်သေးကြောင်း မက္ကဆီကို အစိုးရရှေ့နေရုံးချုပ်က ပြောပါတယ်။
ကျူးလွန်သူတွေဟာ မူးယစ်မှောင်ခိုဘုရင် “အယ်လ်ချာပို” ရဲ့သားတွေ ဦးဆောင်တဲ့ ချာပီတိုစ် ဂိုဏ်းဝင်တွေ ဖြစ်ကြပြီး သူတို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ မာယိုစ် ဂိုဏ်းဝင်တွေလို့ အထင်မှားပြီး သတ္တုတွင်းလုပ်သားတွေကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
သေဆုံးသွားရသူတွေဟာ သူတို့မိသားစုတွေအတွက် အားထားရသူတွေဖြစ်ပြီး မတရား အသက်ဆုံးရှုံးခဲ့ရတာကို အလွန်ဝမ်းနည်းကြေကွဲရပါတယ်လို့ လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်က ပြောပါတယ်။
သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ လုံခြုံရေးအဖွဲ့ဝင်တွေကို သတ္တုတွင်းလုပ်ငန်းရှင်များ အသင်းနဲ့ တွေ့ဆုံဖို့ ညွှန်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ငွေညှစ်မှုဆိုင်ရာ သီးသန့်တိုင်ကြားချက်တွေ မရှိသေးပေမဲ့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဇာကာတေးကပ်စ်ပြည်နယ် ကာနီတာစ်မြို့မှာတော့ အလောင်းပြန်ရရှိခဲ့တဲ့ လုပ်သား ၂ ယောက်ဖြစ်တဲ့ ဟိုဆေးအန်းဂဲလ် ဟယ်နန်ဒက်ဇ်နဲ့ အစ်ဂ်နာစီယို ဆလာဇာ ဖလိုရက်စ် တို့အတွက် ဈာပနအခမ်းအနားတွေကို ကျင်းပခဲ့တာမှာ ဒေသခံတွေနဲ့ မိသားစုဝင်တွေက နောက်ဆုံး ဂါရဝပြုခဲ့ကြပါတယ်။
သေဆုံးသူ အစ်ဂ်နာစီယို ဆလာဇာ ဖလိုရက်စ်ရဲ့ ဆွေမျိုး ရိုဆာရီယို ဖလိုရက်စ်က နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုနဲ့ တရားမျှတမှုရရှိဖို့ ခဲယဉ်းနေမှုအပေါ် အစိုးရကို ဝေဖန် ပြောဆိုခဲ့ပါတယ်။
လုံခြုံရေးဝန်ကြီး ဟာဖွှတ်ချ်ကတော့ အခုဖြစ်ရပ်အတွက် များစွာဝမ်းနည်းရကြောင်းနဲ့ နောက်ထပ် ဆက်စပ်သူတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters










