
ဗန်နူအာတူကျွန်းနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက်က အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူဦးရေ ၁၄ ယောက်အထိ မြင့်တက်လာခဲ့ပါတယ်။
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၃ ငလျင်နဲ့အတူ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အခြားလူပေါင်း ၂၀၀ ကျော်ဟာလည်း ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံတွေကြားထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို မြေလှန်ရှာဖွေနေပြီ ဖြစ်ပါတယ်။
အဲဒီငလျင်လှုပ်ခတ်မှုအတွင်း အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ နယူးဇီလန် သံရုံးတွေ အပါအဝင် အဆောက်အဦအများအပြား ပျက်စီးခဲ့ရသလို လျှပ်စစ်မီးနဲ့ ဖုန်းဝန်ဆောင်မှုတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။
အခုလိုမျိုး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေချိန်မှာ အများပြည်သူသွားလာမှုကို ကန့်သတ်နိုင်ဖို့အတွက် ၇ ရက်တာ အရေးပေါ်အခြေအနေအဖြစ် ဗန်နူအာတူ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကလည်း နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ လူပေါင်း ၁၁၆,၀၀၀ ဟာ ငလျင်ဒဏ်သက်ရောက်မှုကို ခံစားခဲ့ရတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
အိမ်နီးချင်းဖြစ်တဲ့ ဩစတြေးလျနိုင်ငံဟာ ရှာဖွေကယ်ဆယ်ရေးကို အကူအညီပေးမယ့်အဖွဲ့တွေ စေလွှတ်သွားဖို့ရှိသလို အမေရိကန်နဲ့ ပြင်သစ်တို့ကလည်း ထောက်ပံ့ပေးဖို့အတွက် ကတိပြုထားပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၇ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဆူနာမီသတိပေးချက်ပါ ထုတ်ပြန်ခဲ့ရပါသေးတယ်။
တောင်ပစိတ်ဖိတ် သမုဒ္ဒရာထဲက ဗန်နူအာတူနိုင်ငံကို ကျွန်းပေါင်း ၈၀ လောက် နဲ့ဖွဲ့စည်းထားပြီး အနိမ့်ပိုင်းကျွန်းစုနိုင်ငံဖြစ်သလို ဖီဂျီနိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
ဒီ နိုင်ငံငယ်ဟာ ငလျင်လှုပ်ခတ်မှု များပြားတဲ့ဒေသမှာ တည်ရှိနေတဲ့အပြင် တခြားသဘာဝဘေးအန္တရာယ်တွေနဲ့ပါ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။
Source: Reuters










