DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ ၂,၃၀၀ နီးပါးရှိလာ၊ နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း ကြေညာ
DVB
·
July 2, 2026
Photo: Handout via REUTERS
Photo: Handout via REUTERS
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ဇွန် ၂၄ ရက် က ပြင်းအား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ ရှိတဲ့ အင်အားပြင်းငလျင် ၂ ခု စက္ကန့်ပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူဦးရေဟာ ၂,၂၉၅ ဦးအထိ ရှိလာပြီလို့ လွှတ်တော်ဥက္ကဋ္ဌ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ် က ဇူလိုင် ၁ ရက်မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ 

လက်ရှိမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူ စုစုပေါင်း ၁၂,၈၄၁ ဦး ရှိနေပြီး ဒဏ်ရာရရှိသူ ၁၁,၂၆၇ ဦး ရှိတယ်လို့ ရိုဒရီဂတ်ဇ်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ မိန့်ခွန်း ပြောကြားပါတယ်။ 

လက်ရှိအချိန်အထိ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေအပါအဝင် ဝန်ထမ်းအင်အား ၄,၀၀၀ ကျော်နဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပြီးတော့ နောက်ဆုံး ကယ်ဆယ်နိုင်ခဲ့တဲ့ မိန်းကလေးငယ်တယောက် အပါအဝင် စုစုပေါင်း ပြည်သူ ၆,၄၆၁ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီလို့လည်း သူက ဆိုပါတယ်။ 

ဒီဖြစ်ရပ်ဆိုးကြောင့် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်က ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီကစတင်ပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၇ ရက်တိုင်တိုင် သတ်မှတ်ကြောင်း လူမှုကွန်ရက် X မှာ ပို့စ်တင်ပြီး ကြေညာခဲ့ပါတယ်။ 

ဒါပေမဲ့လည်း အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဟာ အလွန်နှောင့်နှေးပြီး လုံလောက်မှု မရှိဘူးလို့ ဒေသခံပြည်သူတွေက ဝေဖန်နေကြသလို၊ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) ကလည်း လက်ရှိ ကူညီပံ့ပိုးမှုတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက် ပမာဏနဲ့ယှဉ်ရင် အလွန်နည်းနေသေးတယ်လို့ ထောက်ပြထားပါတယ်။ 

လက်ရှိမှာ ကရာကာ့စ်မြို့အနီးက ငလျင်ဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ လာဂွိုင်ရာ ကမ်းရိုးတန်းပြည်နယ်မှာ ဒေသခံ ဆေးရုံတွေရဲ့ ရင်ခွဲရုံတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြည့်လျှံသွားခဲ့တာကြောင့် အာဏာပိုင်တွေက လာဂွိုင်ရာဆိပ်ကမ်းမှာ ယာယီရင်ခွဲရုံတခုကို အရေးပေါ် ဆောက်လုပ်ခဲ့ရပါတယ်။ 

ဆိပ်ကမ်းရှိ ယာယီရင်ခွဲရုံမှာတော့ အပြာရောင်ဝတ်စုံဝတ် ဆရာဝန်တွေက သေဆုံးသူတွေကို စစ်ဆေးပေးနေရပြီး ခေါင်းတလားတွေလည်း အပုံလိုက် ရှိနေကြောင်း ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013