
စစ်ကိုင်းပြတ်ရွေ့ရဲ့ မြောက်ဖျားပိုင်းနဲ့ တောင်ဖျားပိုင်းတွေမှာ ပြင်းအား ရစ်ချ်တာစကေး ၇ နဲ့အထက် ငလျင်လှုပ်ခတ်နိုင်ခြေ မြင့်တက်လာတဲ့အတွက် သတိပြုနေထိုင်ကြဖို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
စစ်ကိုင်းပြတ်ရွေ့တလျှောက် ၂၀၁၂ ခုနှစ်အတွင်းက စဉ့်ကူးပြတ်ရွေ့အပိုင်းကနေ သပိတ်ကျင်း ငလျင်လှုပ်ခတ်ခဲ့သလို ၂၀၂၅ ခုနှစ်အတွင်းကလည်း စစ်ကိုင်းပြတ်ရွေ့အပိုင်းကနေ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပါတယ်။
မြန်မာနိုင်ရဲ့ မြောက်ပိုင်းဒေသကနေ တောင်ဘက်အထိ ကီလိုမီတာပေါင်း ၁,၂၀၀ ကျော်ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ မြောက်ဖျားပိုင်းနဲ့ တောင်ဖျားပိုင်းတွေမှာ ပြင်းအား ၇ နဲ့အထက် ငလျင်လှုပ်ခတ်နိုင်ခြေ မြင့်တက်လာတဲ့အတွက် သတိပြုနေထိုင်ကြဖို့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
အဲဒီလို စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်းတွေမှာ အင်အားပြင်းလျင်တွေ လှုပ်ခတ်ခဲ့တဲ့အတွက် ထပ်မံလှုပ်ခတ်လာနိုင်ခြေ အလွန်နည်းသွားပြီး နှစ်ပေါင်း ၁၀၀ ဝန်းကျင်လောက် ငြိမ်သက်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ မြောက်ဖျားပိုင်းနဲ့ တောင်ဖျားပိုင်းတွေမှာတော့ ငလျင်အန္တရာယ်များလာတယ်လို့ ဘူမိဗေဒပညာရှင်တယောက်က ပြောပါတယ်။
“ကီလိုမီတာ ၁,၂၀၀ ကျော်တလျှောက်လုံး ကြည့်မယ်ဆိုရင် မြောက်ဘက်အစွန်းဆုံးအပိုင်းနဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အစွန်းဆုံးအပိုင်းတွေက ငလျင်အန္တရာယ်များလာတယ်။ ဆိုလိုတာက ပြင်းအား ၇ ဝန်းကျင်နဲ့အထက် ငလျင်လှုပ်နိုင်ခြေ ပိုပြီးတော့ များလာတယ်။ ဆိုတဲ့အခါကျတော့ ရန်ကုန်မြို့အတွက် ပြောရမယ်ဆိုရင် ၁၉၃၀ ပဲခူးငလျင် ပြင်းအား ၇ ဒသမ ၃နဲ့ လှုပ်ခဲ့တယ်။ ပဲခူးမှာ လူ ၅၀၀ သေတယ်။ ရန်ကုန်မှာ လူ ၅၀ သေတယ်။ ဒါက အဲဒီခေတ်ကပေါ့။ အခု ရန်ကုန်မြို့ရဲ့ လူဦးရေထူထပ်ပုံ၊ အဆောက်အဦ အနေအထားက အရေအတွက်ရော အရည်အသွေးရော အနေအထားက ၁၉၃၀ ပြည့်နှစ်ကနဲ့ မတူတော့ဘူး။ ဒါကြောင့်မို့လို့ တကယ်လို့သာ စစ်ကိုင်းပြတ်ရွေ့က ပဲခူးအပိုင်းကနေ ပြင်းအား ၇၊ ၇ နဲ့အထက် လှုပ်ခတ်ခဲ့မယ်ဆိုရင် ရန်ကုန်မြို့ဟာ ပိုပြီး ပျက်စီးဆုံးရှုံးနိုင်ခြေ များတယ်။ ပဲခူး အပါအဝင်ပေါ့။ စစ်ကိုင်းပြတ်ရွေ့တလျှောက်က မြို့တွေလည်း သတိထားရမယ်။”
စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အဖျားပိုင်းဖြစ်တဲ့ ပဲခူးပြတ်ရွေ့ဟာ ၁၉၃၀ ပြည့်နှစ်အတွင်းက ပြင်းအား ၇ ဒသမ ၃ နဲ့ နောက်ဆုံးလှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီအပိုင်းကသာ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်ခဲ့မယ်ဆို ပဲခူး အပါအဝင် ရန်ကုန်မြို့လည်း ထိခိုက်မှုများနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံ ဘူမိအနေအထားရဲ့ အန္တရာယ်အရှိဆုံး ပြတ်ရွေ့ကြီး ဖြစ်ပါတယ်။ မြောက်ဘက် ကချင်ပြည်နယ်ကနေ တောင်ဘက် မုတ္တမပင်လယ်ကွေ့အထိ ၁၀၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ကချင်၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူးနဲ့ ရန်ကုန်အနီးက မြို့တွေကို ဖြတ်သန်းသွားပါတယ်။
ရန်ကုန်မြို့ဟာ ဒေးဒရဲပြတ်ရွေ့အပြင် ရန်ကုန်မြစ်ဝအနားမှာရှိတဲ့ ပြတ်ရွေ့တွေနဲ့ စစ်ကိုင်းပြတ်ရွေ့တို့ရဲ့ သက်ရောက်မှုဇုန်အတွင်း ရှိနေတာကြောင့် ငလျင်လှုပ်ခတ်နိုင်ခြေ မြင့်မားတဲ့ဒေသတခုလို့ သိရပါတယ်။
ရန်ကုန်မြို့နေအမျိုးသားတယောက်က “ရန်ကုန်မှာရှိတဲ့ ကန်ထရိုက်တိုက် တော်တော်များများက အမြန်ဆောက်ထားကြတာတွေ များတာ။ နောက်ပြီး အရည်အသွေးလည်း သေချာထိန်းပြီး ဆောက်ထားတဲ့တိုက် ဆိုတာလည်း ခပ်ရှားရှားပဲ။ တိုက်ဆောက်ပြီး သိပ်မကြာဘူး၊ အက်ကြောင်းတွေ ပေါ်လာတာမျိုးတွေ၊ တချို့ဆိုရင် နံရံကို တုတ်လေးနဲ့ ခြစ်လိုက်တာနဲ့ သဲတွေ အများကြီး ကျလာတာမျိုးတွေပါ ရှိတယ်။ အဲဒီလိုတိုက်တွေက ငလျင်အင်အားပြင်းပြင်းနဲ့ လှုပ်ပြီဆိုရင် အဲဒါတွေက ပြိုမဲ့တိုက်တွေ။ အစိုးရကလည်း သိတဲ့အတိုင်း ပြည်သူကို မျက်နှာမူနေတဲ့ အစိုးရ မဟုတ်တော့ ဒါတွေကို သူတို့ စိတ်မဝင်စားဘူး။ သေချာ စိစစ်ရကောင်းမှန်းလည်း မသိဘူး။ ကြံ့ခိုင်မှုမရှိတော့တဲ့ တိုက်တွေကို လိုက်စိစစ်ပြီးတော့မှ နေတဲ့သူတွေကို ရွှေ့ပြောင်းခိုင်းတာတွေကို လုပ်မဲ့အစိုးရလည်း မဟုတ်ဘူး။ အဲဒီတော့ ကံပေါ့လေ။ ဖြစ်လာမှပဲ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အသက်ရှင်အောင် ဘယ်လိုနေကြမလဲ ဆိုတာကိုပဲ ကျနော်တို့ စဉ်းစားရမှာပဲ။ ဖြစ်လာရင်တော့ အထိအခိုက်က တော်တော်လေးများမှာဗျ။ မန္တလေးထက် ပိုဆိုးမယ် ရန်ကုန်ကလေ”လို့ ပြောပါတယ်။
ရန်ကုန်မြို့ဟာ ဒေးဒရဲပြတ်ရွေ့၊ ရန်ကုန်မြစ်ဝအနီးက ပြတ်ရွေ့တွေ၊ ထိုးစိုက်ဇုန်တွေနဲ့ ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်စွန်းပိုင်း လှုပ်ရှားမှုတွေကြောင့် အချိန်မရွေး ငလျင်အန္တရာယ် ကျရောက်နိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။
မေ ၁၈ ရက်နဲ့ ၂၂ ရက်ကလည်း ကျောက်တန်းမြို့နဲ့ ကွမ်းခြံကုန်းမြို့နယ်အနီးကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၃ နဲ့ ၄ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါသေးတယ်။
အဲဒီငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်တမြို့လုံးနီးပါး သိသိသာသာ ခံစားခဲ့ကြရသလို ၂၀၂၆ ခုနှစ်၊ နှစ်စကနေ ဇွန်လလယ်ပိုင်းအထိ ရန်ကုန်မြို့အနီးတဝိုက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင် ၄ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းပြတ်ရွေ့တောင်ဘက်က ပဲခူးပြတ်ရွေ့အပိုင်းမှာ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်နိုင်ခြေ မြင့်လာတဲ့အတွက် ပဲခူးနဲ့ ရန်ကုန်မြို့ခံတွေ ငလျင်အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ဟန်န











