
UnitedHealthcare ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ ဘရိုင်ယန် သောမ်ဆင် လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အသက် ၂၆ နှစ်အရွယ် လူဝီဂျီ မန်ဂျိုနီကို ပထမအဆင့်လူသတ်မှုနဲ့ စွဲချက်တင်လိုက်တယ်လို့ နယူးယောက်ခရိုင်ရှေ့နေက အတည်ပြုပါတယ်။
သံသယရှိသူဖြစ်တဲ့ မန်ဂျိုနီဟာ ပထမအဆင့် လူသတ်မှု အပါအဝင် ဒုတိယအဆင့်လူသတ်မှု ၂ ခုနဲ့အတူ တခြားစွဲချက်များစွာကိုပါ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
အဲဒီထဲက ဒုတိယအဆင့်အမှုတခုကို “အကြမ်းဖက်မှု” အဖြစ် ဖော်ပြထားတယ်ဆိုပြီး ခရိုင်ရှေ့နေဖြစ်သူ အယ်လ်ဗင် ဘရက်ဂ်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဒီလိုမျိုး အပြင်းထန်ဆုံး စွဲချက်တွေအတိုင်းသာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် တရားခံ မန်ဂျိုနီဟာ လွတ်ငြိမ်းချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ်တသက်တကျွန်း ကျခံရနိုင်ပါတယ်။
ဒီဇင်ဘာ ၄ ရက် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မန်ဂျိုနီအပေါ် ချီးကျူးထောက်ခံမှုတွေ ရှိနေတာကိုလည်း နယူးယောက်ခ် ရဲဌာနကော်မရှင်နာ ဂျက်ဆီကာ တစ်ချ်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
“သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုကို ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် အားပေးအားမြှောက် လုပ်နေတာတွေ တွေ့ခဲ့ရပါတယ်။ လူသတ်မှုတွေဟာ ဝမ်းမြောက်စရာ မဟုတ်သလို သူရဲကောင်းသဖွယ် အမွှမ်းတင်တာမျိုးလည်း မလုပ်ရပါဘူး” လို့ တစ်ချ်က မှတ်ချက်ပြုပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၉ ရက် တရားရုံးချိန်းမှာတော့ မန်ဂျိုနီက နယူးယောက်ခ်ကို လွှဲပြောင်းခံရခြင်း ရှိ၊ မရှိ အမှုကြားနာရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သံသယရှိသူဟာ တရားမဝင် လက်လုပ်သေနတ် (GhostGun) ကိုင်ဆောင်မှုနဲ့ မှတ်ပုံတင်လိုမျိုး အထောက်အထားအတု ပြုလုပ်မှုတွေနဲ့ပါ တရားစွဲခံထားရပါတယ်။
မစ္စတာ သောမ်ဆင် ပစ်သတ်ခံရပြီးနောက် ၅ ရက်အကြာမှ အယ်တွန်းနားမြို့က မက်ဒေါ်နယ်ဆိုင်တခုမှာ မန်ဂျိုနီကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ မန်ဂျိုနီကို ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က လုံခြုံရေးအမြင့်ဆုံး ထောင်တခုထဲမှာ ထိန်းသိမ်းထားသလို အာမခံပေးဖို့အတွက်လည်း ပယ်ချထားပါတယ်။
Source : Reuters










