
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇွန် ၁၁ ရက် ညပိုင်းက Local PDF ခေါင်းဆောင်တယောက် ပစ်ခတ် လုပ်ကြံခံရပြီး ကျဆုံးသွားတယ်လို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့ ညဦးပိုင်းလောက်မှာ Golden Eagle Force - Monywa ခေါင်းဆောင် ကိုလင်းယုန်နဲ့ သူ့အမျိုးသမီးတို့ ၂ ယောက်က ရွာတရွာကနေ သူ့ဌာနကို ဆိုင်ကယ်နဲ့ပြန်လာရင်း လက်နက်ကိုင်အဖွဲ့တဖွဲ့က လမ်းမှာ ချောင်းမြောင်း ပစ်ခတ်ခဲ့တာပါ။ ကိုလင်းယုန်က လမ်းမှာပဲ သွေးထွက်လွန်ပြီး ဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ ဘာဒဏ်ရာမှမရဘဲ လွတ်ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ Golden Eagle Force - Monywa ခေါင်းဆောင် ကိုလင်းယုန်ရဲ့ ရုပ်အလောင်းကို ဇွန် ၁၂ ရက်မှာ သူတို့စိုးမိုးနယ်မြေအတွင်းမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
မုံရွာမြို့နယ် ပကဖ ရဲဘော်တယောက်က “ကိုလင်းယုန်မှာ တခြားအဖွဲ့တွေကြားမှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြဿနာ ကြီးကြီးမားမားဖြစ်တာ မရှိဘူးလို့တော့ သိရတယ်။ သူ့ရဲ့ Personal ကိစ္စတွေ ပြဿနာရှိတာ၊ မရှိတာတော့ မသိဘူးပေါ့။ နောက်ပြီး သူက သူတို့တဖွဲ့တည်းပဲဖြစ်ဖြစ်၊ ကျနော်တို့လို တခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးပဲဖြစ်ဖြစ် တော်လှန်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ အဲဒီဖြစ်စဥ်ပြီး နောက်ရက်မှာ သူတို့ ပစ်ခတ်ခံရတဲ့နေရာကို သွားစစ်တော့ ပါရီကျည် ၁၅ တောင့် တွေ့ပါတယ်။ သူလုပ်ကြံခံရတဲ့နယ်မြေကလည်း စစ်တပ်ဘက် ရောက်နိုင်ဖို့ မဖြစ်နိုင်တဲ့နေရာ ဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေကြပြီး သတင်းတစုံတရာ ထုတ်ပြန်လာတာ မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိပြီး တော်လှန်ရေး အင်အားကောင်းတဲ့ ဒေသတွေ ဖြစ်သလို တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာလည်း လုပ်ကြံပစ်ခတ်တာတွေ၊ ဖမ်းဆီးတာတွေ မကြာခဏ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။










