
မေရိကန် UnitedHealthcare ကျန်းမာရေးအာမခံနဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ စီအီးအိုဟာ မန်ဟက်တန်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
အသက် ၅၀ အရွယ် စီအီးအို ဘရိုင်ယန်သွမ်ဆန်ဟာ ဒီဇင်ဘာ ၄ ရက် မနက် ၆ နာရီ ၄၅ မိနစ်က ဆဋ္ဌမရိပ်သာလမ်း၊ ဟီလ်တန်ဟိုတယ်အပြင်မှာ ပစ်သတ်ခံရပြီး ဆေးရုံရောက်တော့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
“ကျပန်းတိုက်ခိုက်တာ မဟုတ်ဘူး။ ကြိုတင်စီစဉ်ပြီး ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ပါတယ်” လို့ နယူးယောက်ရဲမင်းကြီး ဂျက်ဆီကာ တစ်ရှ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မျက်နှာဖုံးတပ်ပြီး ကျောပိုးအိတ်မီးခိုးရောင် လွယ်ထားတဲ့ တရားခံဟာ ခြေလျင်ထွက်ပြေးသွားပြီး လျှပ်စစ်ဆိုင်ကယ်နဲ့ ဆင်ထရယ်ပါ့ခ်ထဲ ဝင်သွားတယ်လို့ ရဲတွေက ပြောပါတယ်။
အမေရိကန်မှာ အကြီးဆုံး ကျန်းမာရေးအာမခံကုမ္ပဏီ အကြီးအကဲဖြစ်တဲ့ သွမ်ဆန်ဟာ ၂၀၂၁ ခုနှစ် ဧပြီကတည်းက UnitedHealthcare စီအီးအိုအဖြစ် တာဝန်ယူခဲ့တာပါ။ တရားခံဟာ သွမ်ဆန်မရောက်ခင် ၅ မိနစ်လောက်ကတည်းက ဟိုတယ်အပြင်မှာ စောင့်နေခဲ့ပြီး တခြားလူတွေကို ဂရုမစိုက်ဘဲ သူ့ကိုပဲ နောက်ကနေ ပစ်ခတ်ခဲ့တယ်လို့ နယူးယောက်ရဲဌာန စုံစမ်းရေးမှူးချုပ် ဂျိုးဇက်ကင်နီက ပြောပါတယ်။
“ခြိမ်းခြောက်မှုတွေ ရထားတယ်။ အာမခံ မရတာကြောင့် ဖြစ်မလားပဲ။ အသေးစိတ်တော့ မသိဘူး။ လူတချို့က ခြိမ်းခြောက်နေတယ်လို့ သူပြောဖူးတာပဲ သိတယ်” လို့ ဇနီးဖြစ်သူ ပေါ်လက်က NBC သတင်းဌာနကို ပြောပါတယ်။
မေလတုန်းက ဖလော်ရီဒါက မီးသတ်သမားတွေ၊ ပင်စင်ရန်ပုံငွေ တာဝန်ရှိသူတွေက သွမ်ဆန် အပါအဝင် အမှုဆောင် ၃ ယောက်ကို တရားစွဲဆိုထားပါတယ်။
Source : Reuters