DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့မရဲစခန်း ဒရုန်းတိုက်ခိုက်ခံရ၊ ဆိပ်ဖြူတွင် PDF ၂ ဦး ပစ်ခတ်ခံရ၊ စလင်းမြို့နယ်၌ စစ်တပ်က ရွာမီးရှို့
DVB
·
December 18, 2024
ငဖဲမြို့မရဲစခန်း ဒရုန်းတိုက်ခိုက်ခံရ၊ ဆိပ်ဖြူတွင် PDF ၂ ဦး ပစ်ခတ်ခံရ၊ စလင်းမြို့နယ်၌ စစ်တပ်က ရွာမီးရှို့
1 / 3
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့က စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ မြို့မရဲစခန်းတွေကို ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ငဖဲမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ငဖဲမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ဒရုန်းနဲ့ တချိန်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပေးပါလိမ့်မယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်လာတာ မရှိပေမဲ့ စစ်ကောင်စီထောက်ခံတဲ့ PAN Positive Angle News ကတော့ ထွေအုပ်ရုံးအတွင်းက ပျက်စီးမှုတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ငဖဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “ရဲစခန်းထဲကျတဲ့ဗုံးက မကွဲဘူးလို့တော့ သိရတယ်။ ထွေအုပ်ရုံးထဲကျတဲ့ ၂ လုံးက ကွဲလို့ ရုံးအဆောက်အဦတွေ ပျက်စီးသွားတယ်ဆိုတာတော့ သိရတယ်ဗျ။ အသေအပျောက်တော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေ မကြာခဏ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ငဖဲမြို့မရဲစခန်းတွေကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုသူ မရှိပါဘူး။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာတော့ ဒီဇင်ဘာ ၁၀ ရက်က အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ PDF တပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ခံရပြီး တယောက်ကျဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သူတို့ ၂ ယောက်က တပ်ရင်းအလုပ်ကိစ္စနဲ့ ကျွန်းချောင်းရွာဘက်ကနေ သူတို့စခန်းကို ဆိုင်ကယ်နဲ့ပြန်ကြရင်း ဖလန်မရွာနဲ့ ကန်စွန်းမရွာကြားမှာ စစ်တပ်ကင်းပုန်းနဲ့ထိတွေ့ဖြစ်ပြီး ကျဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။

ကျဆုံးသွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ဟာ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၂ က အသက် ၂၀ အရွယ် တပ်စိတ်မှူး ရဲဘော် ရဲရင့် ဖြစ်ပြီး ကျန်တဲ့ ရဲဘော်တယောက်ကတော့ ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူနေပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးက “အဲဒီနေ့ မနက် ၉ နာရီလောက်မှာ ဖြစ်သွားတာပါ။ ဒဏ်ရာရတဲ့ရဲဘော်က ရဲဘော်ကျားသစ်နက်ပါ။ တပ်စိတ်မှူးကျသွားပြီး တင်ပါးကိုကျည်ထိလို့ ထွက်ပြေးရင်း ကျနော်တို့ဆီကို ပြန်ဆက်သွယ်လာတော့မှ သွားခေါ်ရတာပေါ့။ သူတို့နဲ့အတူပါသွားတဲ့ သေနတ်တလက်တော့ ဆုံးတယ်။ ဒဏ်ရာရတဲ့ ရဲဘော်ကျားသစ်နက်ကတော့ ဆေးကုသမှု ခံယူနေရပါတယ်” လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စိတ်မှူး ရဲဘော်ရဲရင့်ရဲ့ ရုပ်အလောင်းကို အဲဒီနေ့ညနေပိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာတွေမှာရှိတဲ့ ဒေသခံပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ဆိတ်ဖြူမြို့နယ် ကပစ ၂၁ က စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာ ၁၁ ရက်ကတည်းက စလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ စလင်းမြို့နယ် မြောက်စမ်းကလေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၄၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်ပကဖ တာဝန်ရှိသူက “မနေ့က မြောက်စမ်းကလေးရွာကို မီးရှို့ထားတယ်ဗျ၊ အဲဒီရွာအနားမှာပဲ ကျနော်တို့နဲ့ နှစ်ဖက် အထိအတွေ့ ၂ ကြိမ်ဖြစ်တယ်။ သူတို့ဘက်က ထိခိုက်တာတော့ရှိတယ်၊ အတိအကျ မသိရသေးဘူး။ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ် နေတာလည်း ၇ ရက်လောက်ရှိပြီဆိုတော့ ရွာအတော်များများလည်း စစ်ဘေးရှောင် နေကြရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကြောင်းက စလင်းနယ်ထဲ ဝင်ရောက်နေတာ ၇ ရက်ရှိပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် စစ်ကြောင်းဝင်ရောက်တဲ့တလျှောက်က ကျေးရွာနေ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေတယ် လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013