DVB Logo
Home
မြန်မာသတင်း
ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်
DVB
·
December 17, 2024
ဌာနချုပ်ဟောင်း မာနယ်ပလောကို KNLA ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်
Donate to DVB

တချိန်တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုဌာနချုပ်အဖြစ် နာမည်ကြီးခဲ့တဲ့ မာနယ်ပလော စစ်စခန်းကြီးကို နှစ်ပေါင်း ၃၀ လောက် ထိန်းချုပ်ထားတဲ့ စစ်တပ်ဆီကနေ KNLA ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ မာနယ်ပလောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ကရင်စစ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။

မဟာဗျူဟာခံစစ်စခန်းအဖြစ် ထိုင်ထားတဲ့ အင်အား ၆၀ လောက်ရှိတဲ့ မာနယ်ပလောစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာဆန်းကစတင်ပြီး အဝေးပစ် စက်သေနတ်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီလောက်မှာ  စခန်းသိမ်းတိုက်ပွဲ အောင်မြင်သွားတာလို့လည်း ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ပြီး စခန်းသိမ်းပိုက်ပြီး နောက်တနေ့ ဒီဇင်ဘာ ၁၇ ရက်က စခန်းရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စခန်းထဲကနေ  လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ၊ ကျည်ဆန်တွေနဲ့ တခြား စစ်အသုံးအဆောင် ပစ္စည်းတွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ စခန်းမှာရောက်နေတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ KNLA ဘက်ကလည်း တပ်သား ၃ ယောက် ကျဆုံးပြီး စစ်ကောင်စီဘက်က  တိုက်လေယာဉ်တွေနဲ့  မကြာခဏ ဗုံးလာကြဲနေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းမှူးနဲ့ အမျိုးသမီး ၆ ယောက်တို့ စခန်းကနေ ထွက်ပြေးတိမ်းရှောင်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရှာဖွေနေတယ်လို့လည်း သိရပါတယ်။

မာနယ်ပလောစခန်းဟာ တချိန်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အပါအဝင် အတိုက်အခံအဖွဲ့အစည်းပေါင်းစုံ အခြေစိုက်ခဲ့တဲ့  နာမည်ကျော်စခန်းကြီးတခု ဖြစ်ပါတယ်။

အဲဒီအချိန်က နဝတ စစ်အစိုးရက KNU အဖွဲ့တွင်း ဘာသာရေးအရ သပ်လျှိုသွေးခွဲမှုကြောင့် ခွဲထွက်လာတဲ့ DKBA တပ်ရဲ့ အကူအညီနဲ့ မာနယ်ပလောစခန်းကို ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ အပြီးပိုင်သိမ်းပိုက်ထားတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ဖြစ်ပါတယ်။

မာနယ်ပလောစခန်း အပါအဝင် ကရင်ပြည်နယ်အတွင်းနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျန်နေသေးတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်လို့ KNLA တပ်မှူးတယောက်က ပြောပါတယ်။

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းတခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ KNLA ပူးပေါင်းစစ်ကြောင်းတွေက နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာကြောင့်   တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားပြီး အောင်ဇေယျစစ်ကြောင်း အထိနာပြီး  နယ်မြေတချို့နဲ့ အာရှလမ်းပိုင်းကနေ ပြန်လည်ဆုတ်ခွာပေးနေရပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “သူတို့ (စစ်ကောင်စီ)ဘက်က တိုးလာတာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့ဘက်က တရွာချင်း၊ စခန်းတခုချင်း ရှေ့တိုးလို့ရအောင် လုပ်နေတယ်။ ကျနော်တို့က အာရှလမ်းတခုလုံး ပြန်စိုးမိုးနိုင်ဖို့ လုပ်နေတာ။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတာ။ အာရှလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ။ ရှင်းလင်းရင် နယ်မြေတွေ စိုးမိုးနိုင်သမျှ စိုးမိုးနိုင်အောင်လုပ်ရင် တိုက်ပွဲတွေက ဖြစ်နေတာ။ တကယ်လည်း ကျနော်တို့ ရှင်းလင်းရင်းနဲ့ အာရှလမ်းတော်တော်များကို ပြန်လည်ထိန်းချုပ်နိုင်ထားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ အမြောက်ကုန်း၊ လှိုင်းဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးပစ်ကူ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ကော့ကရိတ်မြို့တွင်းနဲ့ အနီးအနားက ရေကျော်ကြီးကျေးရွာအတွင်း ကျရောက်ခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားရင် စစ်ကောင်စီရဲ့ လေ‌ကြောင်းရန်နဲ့ မြေပြင်က လက်နက်ကြီးပစ်ခတ်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အာရှလမ်းဘက်မှာတော့ တိုက်ပွဲတွေဖြစ်တာရှိတယ်။  နည်းနည်းဝေးတယ်။ လမ်းမကြီးဘေးက လူတွေကတော့ စိုးရိမ်ရတယ်။ ဒေသခံတွေက အခြေအနေမကောင်းဘူး ဆိုတာလည်း သိတယ်။ သတိနဲ့နေ သတိနဲ့စားနေရတယ်။ သွားသတိ လာသတိပေါ့။ ဘာအလုပ်အကိုင်မှ အဆင်မပြေကြဘူး။ တိုက်ပွဲဖြစ်ရင် လေယာဉ်လာမှာ ကြောက်တယ်။ တိုက်ပွဲမဖြစ်ရင်လည်း အဲဒီလက်နက်ကြီးက ရွာတွေကို ရမ်းပစ်ခတ်တာတွေ ကြောက်ရတယ်။ တချို့ကလည်း သတင်းပေးတယ်။ လူစိမ်းရွာမှာဝင်ရင် တချို့က စစ်တပ်ကို သတင်းပေးတယ်။ စစ်တပ်ကလည်း ရမ်းသန်းပြီးပစ်တယ်။ သတင်းပေးတဲ့နေရာကို ပစ်တော့ ရွာတွေထိတာပေါ့” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း မကြာခဏရှိနေပြီး ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်တွေ ပျက်စီးတာတွေ ရှိသလို မြို့တွင်းနဲ့ အနီးအနားကျေးရွာက ပြည်သူတွေ စစ်ရှောင်တာတွေလည်း ရှိပါတယ်။

ဖိုးစီ/ အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013