DVB Logo
Home
မြန်မာသတင်း
ရထားတွဲသစ် စီးနင်းသူနည်းပါးပြီး ရန်ကုန်မြို့တပတ်လုံး ပြေးဆွဲနိုင်ခြင်း မရှိ
DVB
·
December 17, 2024
ရထားတွဲသစ် စီးနင်းသူနည်းပါးပြီး ရန်ကုန်မြို့တပတ်လုံး ပြေးဆွဲနိုင်ခြင်း မရှိ
Donate to DVB

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွေမှာ စပိန်ရထား DEMU တွဲသစ်တွေကို ထည့်သွင်းပြေးဆွဲပေမဲ့ စီးနင်းသူ နည်းပါးတာကြောင့် အစီးရေလျှော့ချသွားတာ တွေ့ရသလို မြို့တပတ်လုံးစာ ရထားပြေးဆွဲနိုင်ခြင်း မရှိတော့ဘူးလို့ မြို့ပတ်ရထားစီးသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ အဆင့်မြင့်အတွဲသစ်တွေနဲ့သာ မြို့တပတ်အတွင်း ရထားခရီးစဥ်လမ်းကြောင်း ၁၄ ကြောင်းနဲ့ မြို့တပတ်စာကို ကျပ် ၈၀၀၊ ၁၅ ဘူတာကို ကျပ် ၄၀၀ အထိ ယူကာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ရထားဆွဲပြီး ၃ ရက်မြောက်နေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ ရထားလက်မှတ်ခတွေဟာ မြို့တပတ်စာကို ကျပ် ၁,၀၀၀၊ ၁၅ ဘူတာကို ကျပ် ၅၀၀ အထိ မြင့်တက်သွားခဲ့တာ တွေ့ရသလို မြို့တပတ်လုံးအတွက် DEMU စပိန်တွဲနဲ့ ဂျပန်ထုတ် RBE တွဲဟောင်းတွေပါ ပြေးဆွဲခြင်း မရှိကြတော့ပါဘူး။

မြို့ပတ်ရထားစီး ခရီးသည်တယောက်က “ပထမ ၄၀၀ ကနေ ၅၀၀ တက်သွားတယ်။ အဲ့ကတည်းက လူက နည်းသွားတာ။ ရထားနဲ့က တဆင့်တည်းမရောက်‌တော့ ကားပဲ ပြောင်းစီးသွားကြတယ်။ အခုလည်း မြို့တပတ်လုံး မရှိတော့ဘူး။ ရန်ကုန်ဘက်ဆို ဘူတာကြီးက ဂိတ်ဆုံးပဲ။ ရန်ကုန်ဘက်ကလာရင် အင်းစိန်အထိပဲ ရမယ်။ သူက ၁,၀၀၀ ပေးရတယ်။ ဘူတာကြီးဘက်ကို မနက် ၆ နာရီရထား ပျောက်သွားတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့လောက်မှာတော့ DEMU စပိန်တွဲသစ်တွေကို ခရီးစဉ် ၁၄ ခေါက်ကနေ ၆ ခေါက်အထိ လျှော့ချပြေးဆွဲနေခဲ့သလို ဒီဇင်ဘာ ၁၂ ရက်ကစလို့ မနက်ပိုင်း အစောဆုံး ရထားခရီးစဉ်တခု ထပ်မံလျှော့ချခံလိုက်ရပါတယ်။

ရထားဈေးသည်တယောက်က “အဲကွန်းတွေ စဆွဲတော့ ကုန်စိမ်းတွေတင်ဖို့ ရထားက မရှိတော့ဘူး။ ဈေးသည်တွေ ဒုက္ခရောက်နေကြလို့ တညင်းကုန်းဈေးကော်မတီက စာတင်တာ။ မီးရထားဝန်ကြီးဌာနဘက်က နေ့ခင်းကို ပစ္စည်းတင်ဖို့ အသွား ၃၊ အပြန် ၃ စီး လွှတ်ပေးတယ်။ ရထားစီးက တနေ့တနေ့ ဈေးသည်တွေပဲ ပိုများတာ။ နေ့ခင်းဆို စပိန်တွဲတွေက အချောင်ကြီး။ အဲဒါကို ဖြုတ်ပြီး RBE တွေ ပြန်ထည့်ပေးထားတာ။ မြို့တပတ်လုံးတော့ ရထားမရောက်တော့ဘူး” လို့ ပြောပါတယ်။

စပိန်တွဲသစ်ပြေးဆွဲတဲ့ ဖွင့်ပွဲနေ့မှာတော့ ရန်ကုန်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇယ်သုံး DEMU စပိန်ရထားတွေအပြင် မြန်နှုန်းမြင့် လျှပ်စစ်ရထား ပြေးဆွဲမယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

လက်တွေ့မှာ စီးနင်းသူ နည်းပါးတာကြောင့် ရထားအသစ်ပြေးဆွဲပြီး ရက်ပိုင်းအတွင်းမှာပဲ တွဲဟောင်းတွေနဲ့သာ ပြန်လည်ပြေးဆွဲနေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013