DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် စစ်တပ်က အင်အားဖြည့်ပြီး ခံစစ်အတွက် ဘန်ကာများဆောက်နေ
DVB
·
December 16, 2024
မွန်ပြည်နယ်တွင် စစ်တပ်က အင်အားဖြည့်ပြီး ခံစစ်အတွက် ဘန်ကာများဆောက်နေ
Donate to DVB

တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား အလုံးအရင်း ဖြည့်တင်းတာနဲ့ ခံစစ်အတွက် ဘန်ကာတွေ အခိုင်အမာ တည်ဆောက်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက DVB ကို ပြောပါတယ်။

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ နယ်မြေအများစု ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲဒီထဲမှာ မွန်ပြည်နယ်ရဲ့ တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသ ၂ ခုလုံးကို စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေနဲ့ တပ်အင်အားအလုံးအရင်း တိုးမြှင့်ထားသလို လုံခြုံရေးအရ စိုးရိမ်ရတဲ့ တပ်ရင်းတပ်စခန်းတွေမှာလည်း မဟာဗျူဟာမြောက် စစ်ရေးပြင်ဆင်ထားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF) ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် တောင်ပိုင်းဒေသက ရေးမြို့နယ်မှာ ရေကြောင်းကနေတဆင့် အင်အားအလုံးအရင်း ဖြည့်တင်းနေပါတယ်။

အဲဒီအပြင် မြောက်ပိုင်းဒေသက သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာလည်း တပ်အင်အား ထောင်နဲ့ချီ ဖြည့်တင်းထားသလို ဂိတ်စခန်းတွေမှာလည်း ရှိရင်းစွဲအင်အားထက် ၂ ဆနီးပါး တိုးမြှင့်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်း က ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ တပ်အင်အား လိုအပ်ချက်ကြောင့် မွန်ပြည်နယ်အတွင်းက မြို့ပေါ်နဲ့ ကျေးရွာဘက်တွေမှာ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေပါတယ်။

မွန်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျလာပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ အကြောင်းအမျိုးမျိုးပြပြီး ပိတ်ဆို့ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မွန်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အရင် သုံးလနဲ့ နှိုင်းယှဉ်ရင် အကြိမ် ၃၀ ထက်မနည်း လျော့ကျခဲ့တယ်လို့ လဂွန်းစာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013