
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ လာခီဆင် ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ KIA ပူးပေါင်းတပ်နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
လာခီဆင် ပြည်သူ့စခန်းဟာ အင်အား ၁၀၀ ကျော်ခန့် အထိုင်ချနေရာယူထားတဲ့နေရာ ဖြစ်တယ်လို့ ရှေ့တန်းရောက် တပ်ပေါင်းစု အရာရှိတယောက်က DVB ကို အတည်ပြု ပြောပါတယ်။
“မနေ့က သိမ်းလိုက်တယ်။ နေ့လယ် ၁၂ နာရီကနေ ထိုးစစ်ဆင်လိုက်တာ ညနေ ၅ နာရီလောက်မှာ စခန်းရလိုက်တယ်။ စစ်သုံ့ပန်းတွေလည်း ရတယ်။”
လာခီဆင်စခန်းကို KIA ပူးပေါင်းတပ်နဲ့ KPF တို့ သိမ်းပိုက်ထားပြီးနောက် ဒီနေ့ နေ့လယ် ၁၂ နာရီ၀န်းကျင်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲနေတယ်လို့ လန်ဆယ်ဒေသခံတယောက်ကလည်း ပြောပါတယ်။
ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲ ဆက်တိုက်ဆင်နွှဲနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။










