DVB Logo
Home
မြန်မာသတင်း
ပေါက်ကွဲမှုကြောင့် နေစရာမဲ့ဖြစ်ခဲ့ရသည့် နမ့်ခမ်း ကောင်းတပ်ရွာသား ၁,၀၀၀ ကျော်  အကူအညီလိုအပ်
DVB
·
June 5, 2026
Photo: Ta'ang Women's Organization
Photo: Ta'ang Women's Organization
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ ပြီးခဲ့တဲ့ မေလကုန်က ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့ ရွာသားတွေ စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေပါတယ်။

မိနစ်ပိုင်းတွင်း အိမ်ရာမဲ့ဘဝ ရောက်သွားရတဲ့ ရွာသားပေါင်း ၁,၀၀၀ ကျော်ဟာ ကောင်းတပ်ကျေးရွာ ဘုန်းကြီးကျောင်း ဇရပ်မှာ စုပြုံခိုလှုံနေရပြီး အလှူရှင်တွေက အခြေခံစားနပ်ရိက္ခာ လာလှူနေကြတာကြောင့် လတ်တလော စား‌ရေးသောက်ရေးအတွက် မပူပင်ရပေမဲ့ နေအိမ်နဲ့ အဝတ်အစားတွေ လိုအပ်နေသလို ရေရှည်မှာ အိမ်တွေပြန်ဆောက်ဖို့၊ ပြန်ပြင်ဖို့ အကူအညီများစွာ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ပြန်ကြား‌‌ရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

“လိုအပ်ချက် အခက်အခဲတွေတော့ အများကြီးတော့ ရှိတာပေါ့နော်။ လတ်တလောမှာတော့ ရပ်နီးရပ်ဝေးက အလှူရှင်တွေ လာလှူတော့ စားဖို့သောက်ဖို့တော့ ရှိတယ်။ ဆန်၊ ဆီ၊ အာလူး၊ ဟင်းသီးဟင်းရွက် စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ရှိတယ်။ ဒါပေမဲ့ အဝတ်အထည်တွေ၊ စောင်တွေတော့ လိုသေးတယ်။ လာလှူတဲ့သူတွေရှိပေမဲ့ မလောက်ဘူး။ သူတို့ စောင်တွေ အဝတ်အစားတွေက ပေါက်ကွဲပျက်စီးတဲ့ထဲ ပါသွားတာ၊ သုံးလို့မရတော့ဘူးလေ။”

ပေါက်ကွဲမှုကြောင့်  အိမ်ခြေ ၃၀၀ ကျော် ပျက်စီးပြီး လုံးဝပြိုကျသွားတဲ့ အိမ်အလုံး ၄၀ လောက် ရှိပါတယ်။

အဲဒီအိမ်တွေဟာ အကုန်ပြန်ဆောက်ရမှာဖြစ်လို့ မလွယ်ကူတဲ့အကြောင်း၊ အိမ်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးသွားတာလည်း ပြန်လည်ပြုပြင်ဖို့ ငွေကုန်ကြေးကျများကြောင်း၊ တချို့က နေလို့ရသလောက် ပြန်နေတာမှာ ယာယီအမိုးအကာအတွက် မိုးကာတွေ လိုအပ်နေကြာင်းနဲ့ ရေခံဖို့ ရေပုံးတွေလည်း လိုအပ်နေပြီး မိုးကလည်း နေ့တိုင်းလိုရွာနေတော့ မိုးပက်တဲ့ဒဏ် ခံရတယ်လို့ ဆိုပါတယ်။

နေစရာလုံးဝမရှိတော့တဲ့ လူတွေကတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး ကောင်းတပ်ရွာ ဘုန်းကြီးကျောင်း ဇရပ်မှာဆိုရင် လူဦးရေ ၁,၁၈၇ ယောက် ခိုလှုံနေတယ်လို့ သိရပါတယ်။

နောက်ထပ် အရေးပေါ်လိုအပ်နေတာကတော့ ဆေးဝါးတွေဖြစ်တယ်၊ နမ့်ခမ်းဆေးရုံမှာ လူနာတွေ ပြည့်နေတော့ ဆေးဝါးမလုံမလောက်ဖြစ်နေကာ ဒဏ်ရာမပြင်းထန်တဲ့ လူနာတွေတော့ အိမ်ပြန်ပြီး မိမိဘာသာ ဆေးထည့်ကြပါတယ်။

နမ့်ခမ်းဆေးရုံက မကုသနိုင်တဲ့ လူနာတွေကို မူဆယ်ဆေးရုံကို လွှဲပြောင်းပြီး တချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် တရုတ်နိုင်ငံ‌ ရွှေလီဘက် သွားကုကြတယ်၊ တချို့ ဝင်ခွင့်လက်မှတ်မရလို့  လှည့်ပြန်လာရတာလည်း ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာက ယမ်းသိုလှောင်ရုံဟာ မေ ၃၁ ရက် နေ့လယ်က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး ဇွန် ၁ ရက် ည ၇ နာရီထိ စာရင်းအရ သေဆုံးသူ ၄၃ ယောက် ဒဏ်ရာရသူ ၁၁၂ ယောက်ရှိကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေကတော့ သေဆုံးသူ ၅၅ ယောက်၊ ဒဏ်ရာရသူ ၇၅ ယောက် ရှိကြောင်း ထုတ်ပြန်ပြီး ကျန်ရစ်သူမိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ အိုးအိမ် ပျက်စီးဆုံးရှုံးသွားရသူတွေအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဘဝ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ နှိုးဆော်ထားပါတယ်။

Source: TWO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013