DVB Logo
Home
Lead Story
စစ်အာဏာလမ်း ဂိတ်ဆုံးခန်း အရမ်းနီးနေပြီ
DVB
·
December 16, 2024
စစ်အာဏာလမ်း ဂိတ်ဆုံးခန်း အရမ်းနီးနေပြီ
Donate to DVB

တောတွင်းသို့လမ်း

စာသင်ခန်းဆီ

CDM ဆရာမ သွားခဲ့သည်။ ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျမ NUG လက်‌အောက်ကကျောင်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားခဲ့တယ်။ လမ်းခရီးမှာ စစ်ဆေးတဲ့ စစ်ဘက်ကဂိတ် ၂ ခုကို ဖြတ်ပြီးမှ သွားရတယ်။ စစ်ဘက်က စစ်ဆေးရေးဂိတ်ကိုရောက်တော့ စစ်သားတွေနဲ့ ပျူတွေက ကားပေါ်က ပါလာတဲ့လူတွေကို အောက်ဆင်းခိုင်းတယ်။ အသက် ၂၀ အရွယ် ကောင်လေးတွေကိုဆို စစ်ဆေးလိုက်တာ တအားပဲ။ သူတို့ (စစ်သားတွေ) ကိုင်တဲ့ သေနတ်ကို ကိုင်ကြည့်ခိုင်းတယ်။ ဒူးတွေ၊ လက်ဖဝါးတွေကို သေချာကြည့်တယ်။ ပါလာတဲ့အိတ်တွေကို အကုန်သွန်ချပြီး ကြောက်အောင် ခြိမ်းခြောက် အမိန့်ပေးပြီး စစ်ဆေးပါတယ်။ မိန်းကလေးအရွယ်ငယ်လေးတွေဆို မထိတထိနဲ့ ရိသဲ့သဲ့စကားပြောပြီး စစ်ဆေးပါတယ်။ မတရားကို အခွင့်အရေးယူချင်ပြီး လူစိတ်မရှိတဲ့သူတွေပါပဲရှင်။ ကျမဖြင့် သူတို့ကိုကြည့်ပြီး အရင်ကထက် ပိုရွံရှာမုန်းတီးမိတယ်။

ကားသမားကိုလည်း ပိုက်ဆံတောင်းတယ်။ ကားပေါ်မှာပါလာတဲ့ သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုလည်း ထားခဲ့ဖို့ပြောတယ်။ အတော်ကို ငတ်ကြီးကျတဲ့ လူတွေပါပဲရှင်။ နောက်ပြီးတော့ စစ်သား‌တွေထက် ဆိုးတာက သူတို့ကို ထောက်ခံအားပေးနေတဲ့ ပျူစောထီးတွေရှင့်။ အရပ်သား ပျူစောထီးတွေက ပိုပြီး အနိုင်ကျင့်တဲ့စိတ်၊ သူများပစ္စည်းကို မတရားယူချင်တဲ့စိတ် ပြင်းပြနေတာကို လက်တွေ့ သိမြင်ခဲ့ရပါတယ်။ ကျမကိုတော့ တအားကြီးမစစ်ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျမက ဝန်ထမ်းကတ်ထုတ်ပြ၊ အဖြူ၊ အစိမ်း ဝတ်စုံထည့်ထားတဲ့ အိတ်ကိုပြပြီး Non CDM ဟန်ဆောင်ပြီး ပြောရတာပေါ့ရှင်။ (အရင်ကတည်းက ကိုယ့်အကြံနဲ့ကိုယ် ကြိုတင်ပြင်ဆင်ခဲ့) စစ်ဆေးရေးဂိတ် ၂ ခုကို ဖြတ်အပြီးမှာတော့ ကျမရင်ထဲမှာ ဟင်းခနဲနဲ့ကို သက်ပြင်းကြီးချမိတယ်။ အမှန်တော့ ကျမ တအားကြောက်နေတာပေါ့ရှင်။

နောက်ထပ် မိုင် ၂၀ ကျော်လောက် ကားစီးအပြီးမှာ PDF ဂိတ်တခုကို စတင်ပြီး ဖြတ်ရပါတယ်။ ကျမက ဂိတ်ကိုရောက်ရင် အဆင်ပြေအောင် အချိတ်အဆက်နဲ့ ပြောထားတာဆိုတော့ PDF ကလေးတွေက ဂုဏ်ယူပါတယ် ဆရာမဆိုပြီး ပြောကြတယ်။ သူတို့မှာရှိတဲ့ မုန့်လေးတွေကျွေးတယ်။ ကျန်းမာရေးမကောင်းရင် ဓာတ်ဆားရည်နဲ့ ဖျော်သောက်ဖို့ သိမ်းထားတဲ့ ရေသန့်ဘူးကို ကားပေါ်မှာသောက်ဖို့ ကျမကို ပေးတယ်။ ကျမဖြင့် ပျော်မိလိုက်တာ၊ ဝမ်းသာလိုက်တာ၊ နောက်ပြီးတော့ တချို့ PDF တွေက ကျမတပည့်အရွယ်လေးတွေ၊ စာသင်ခန်းထဲ ရောက်နေရမယ့်အရွယ်မှာ နိုင်ငံရဲ့အနာဂတ်နဲ့ မျိုးဆက်သစ်တွေ တိုးတက်ဖို့အတွက် တောထဲမှာ လက်နက်ကိုင်နေတဲ့ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကို လေးစားမိတယ်။ နောက်ပြီးတော့ ကျမက ဆရာစိတ်နဲ့တွေးပြီး ပြောမပြတတ်တဲ့ ခံစားချက်မျိုးနဲ့ ဝမ်းနည်းမိတယ်ရှင်။

ည ၉ နာရီကျော်လောက်မှာ တာဝန်ထမ်းဆောင်ရမယ့်ရွာကို ရောက်ပါတယ်။ အားကိုးတကြီးနဲ့ လေးလေးစားစား ကြိုဆိုနေတဲ့ ရွာသူရွာသားတွေကိုမြင်ပြီး ကားမူးနေတာတောင် ပျောက်သွားတယ်ရှင်။ တာဝန်ထမ်း‌ဆောင်မယ့်ရွာက ပကဖအဖွဲ့ဝင်တွေရဲ့ ဝမ်းသာမှု၊ PDF လေးတွေရဲ့ ပျော်ရွှင်မှု၊ ရွာသူရွာသားတွေရဲ့ အားကိုးတဲ့ အကြည့်တွေနဲ့ စကားသံတွေဟာ ကျမရင်ထဲက ကြောက်စိတ်ကို ဖြေဖျောက်နိုင်ခဲ့ပါတယ်ရှင်။ နောက်ပြီးတော့ စာသင်ရတော့မယ့် ကလေးတွေရဲ့ ပျော်ရွှင်မှုကို မြင်ရတဲ့အခါ ကျမ “လူဖြစ်ရကျိုး နပ်လှချည်ရဲ့” လို့တောင် တွေးမိပါတယ်။ အဲဒီအချိန်က လွတ်မြောက်နယ်မြေ မဟုတ်သေးပါဘူး။ မြေပြင်က စစ်ကြောင်းထိုးမှာကို သတိကပ်ပြီး ကြောက်နေကြရတဲ့အချိန်ပါ။ ဒါပေမဲ့ လွတ်လပ်နယ်မြေလို့ ပြောရမလားပဲ။ ကျမအိပ်ခါနီးမှာ “ဒေါက်ဖိနပ်လျှောက်သံ” သီချင်းကို အသံအနေအထား မှန်မှန်နဲ့ သီဆိုနေသံကို ကြားလိုက်ရပါတယ်။ နောက်ပြီးတော့ အိမ်အချို့ကလည်း “သွေးသစ္စာ” သီချင်းကို‌‌ ဆောင်းဘောက်နဲ့ အသံအကျယ်ကြီး ဖွင့်နေတာ ကြားလိုက်ရပါတယ်။ ကျမရင်ထဲ ကြက်သီးဖြန်းခနဲထလာတယ်။ အာဏာသိမ်းပြီး ၂ နှစ်နီးပါးလောက်ထိ ကြောက်စိတ်နဲ့နေခဲ့ရတဲ့ ကျမရဲ့စိတ်ဟာ အဲဒီရွာကို ရောက်တဲ့နေ့ကမှ လွတ်လပ်ပျော်ရွှင်တဲ့ ခံစားမှုကို ခံစားရလို့ပဲဖြစ်တယ်ရှင်။

ခွင့်တိုင်ပါသည်

တိုက်ပွဲဆီသို့

PDF များသွားသောအခါ။   ။

နောက်နေ့မနက် ကျမ ကျောင်းကိုရောက်တဲ့အခါ Grade 11 (စနစ်ဟောင်း) စာသင်ခန်းကို ဝင်သင်ပါတယ်။ ကျောင်းသားအားလုံးနီးပါး စစ်သင်တန်းဆင်းထားပြီးကြောင်း သိရတယ်။ တချို့ မိန်းကလေးတွေလည်း စစ်သင်တန်းတက်ကြကြောင်း ပြောပြပါတယ်။ အဖွဲ့ထဲဝင်ပြီးတဲ့ ကလေးတချို့ကိုလည်း တွေ့ရတယ်။ တချို့ကျောင်းသားတွေဆို “ဆရာမရယ် ဖောင်တိန် မကိုင်ချင်တော့ဘူး။ သေနတ်ပဲ ကိုင်ချင်တော့တယ်။ ကျောင်းမနေချင်တော့ဘူး” ဆိုပြီး တိုက်ပွဲဝင်ဖို့ စိတ်အားထက်သန်နေတာတွေလည်း တွေ့ရပါတယ်ရှင်။ ကျမ ဘာမှ ပြန်မပြောမိပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်လို နားချရမလဲဆိုတဲ့ စကားလုံး ရှာမတွေ့လို့ပဲ ဖြစ်ပါတယ်ရှင်။

Grade 9၊ Grade 10 နဲ့ Grade 11 (စနစ်ဟောင်း) က ယောကျ်ားလေးတချို့ဟာ ညနေစောင်းပြီဆို ကင်းစောင့်ကြရပါတယ်။ ကင်း‌လှည့်ရင်းနဲ့ ကျမနေတဲ့အိမ်နား‌ ရောက်တဲ့အခါ ခဏ အလည်ဝင်ကြပါတယ်။ သေနတ်ကိုင်ပြီး အိမ်ကိုအလည်လာတဲ့ တပည့်တွေကို မြင်ရတဲ့ ဆရာမတယောက်ရဲ့ ခံစားမှုဟာ ဘယ်လောက်ထိ နက်နဲမယ်ဆိုတာ ဆရာစိတ်ရှိသူတိုင်း သိကြမှာပါရှင်။ ပိုပြီး ခံစားရတဲ့ နောက်ထပ်အကြောင်းအရာကတော့ တိုက်ပွဲလိုက်ရမယ့် (မစ်ရှင်ရှိတဲ့အခါ) တပည့်တွေရဲ့ ခွင့်တိုင်စကားပဲ ဖြစ်ပါတယ်ရှင်။ သူတို့ပြောတာက “ဆရာမ ခွင့်တိုင်မလို့၊ မစ်ရှင်ရှိလို့ လိုက်ရမယ်” တဲ့။ ကျမလည်း မေးမိတာပေါ့။ “ဘယ်နှစ်ရက်လောက် ကြာမလဲ” လို့၊ သူတို့ရဲ့အဖြေကို ကျမ အခု စာရေးနေရင်းမှာပဲ မျက်ရည်တွေနဲ့ ရေးမိတော့တယ်ရှင်။ သူတို့ပြန်ဖြေတာက “ဘယ်လောက် ကြာမယ် ပြောလို့မရဘူး ဆရာမတဲ့။ ပြန်လာရမယ်ဆိုတာ‌တောင် မသေချာလို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့မရတာတဲ့ရှင်။”

တနေ့မှာ ကျမက “သံပေါက်ကဗျာစပ်နည်း” ကို သင်ပါတယ်။ ကဗျာဆရာကြီးတင်မိုးရဲ့ ကဗျာရေးချင် စာစပ်သင် ကဗျာရေးနည်း စာအုပ်ထဲကလို  

“အစလေးလုံး

အလယ်သုံး

အဆုံးငါး ခုနစ်”

အဲဒီလို ယူပြီး စပ်ရကြောင်း ရှင်းပြပါတယ်။ အဲဒီအခါ တပည့်အားလုံးက ချက်ချင်း ဒီလိုလေး ပြန်အော်ပြောကြပါတယ်။ ကျမက သူတို့ ပြောတာကို မြေဖြူနဲ့ သင်ပုန်းမှာ လိုက်ရေးတာပေါ့။

“စစ်အာဏာလမ်း

ဂိတ်ဆုံးခန်း

အရမ်းနီးနေပြီ” တဲ့။

ဒီစာကဗျာလေး သုံးကြောင်းဟာ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ သူတို့လေးတွေရဲ့ ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ထားတဲ့ လမ်းကြောင်းကို ပိုပြီး မြန်မြန်ရောက်စေမယ့် ခွန်အားတက်စေတဲ့ စာတကြောင်းပဲ ဖြစ်ပါတယ်ရှင်။ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ကျမတပည့်‌တွေရဲ့ ဆန္ဒက အခု ပြည့်တော့မှာပါရှင်။ ကျမတို့အောင်ပွဲ နီးနေပါပြီ။ ဒါကြောင့်မို့ ကျမတပည့်လေးတွေရဲ့ ရင်တွင်းဖြစ် စပ်ဆိုထားတဲ့ သံပေါက်ကဗျာ‌က စာ‌ကြောင်းလေးကို ခေါင်းစဉ်ယူပြီး ကျမရဲ့ NUG ကျောင်းမှာ စာသင်တဲ့ ပုံရိပ်‌တွေကို ဖောက်သည်ချ ပြန်ပြောပြခြင်း ဖြစ်ပါတယ်ရှင်။ ။

ဖီးနစ်မေ (CDM ကျောင်းဆရာမ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013