DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
December 16, 2024
ညောင်လေးပင်တွင် စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် ကားလမ်းမပေါ်က စစ်တပ်ဂိတ်စခန်းကို ဒီဇင်ဘာ ၁၄ ရက် မနက် ၃ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်က စစ်တပ်ရဲ့ မလူးတဲ ကာကင်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ MA1 သေနတ် ၃ လက်၊ G3 သေနတ် ၂ လက်၊ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာလေးက “မလူးတဲဂိတ်က ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်မှာ ရှိတယ်ဆိုပေမဲ့ စစ်ကောင်စီရဲ့ ညောင်လေးပင်နဲ့ ရွှေကျင် အဓိက ဗျူဟာထောက်ပို့လမ်းကြောင်းဖြစ်နေလို့ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာတို့၊ ၅၉၈ တို့ တပ်တွေရဲ့ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းကို တတ်နိုင်သမျှ ဖြတ်တောက်နိုင်ဖို့ အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ အမှတ် ၃၇၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်​ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၇ ရက်နဲ့ ၁၁ ရက်တွေမှာလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက စစ်ရေးဗျူဟာအရ အရေးပါတဲ့ ဖာပွန်-ကမမောင်းလမ်းကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်တပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013