
တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းတောင်မြို့က သင်္ဘောကျင်းတခုမှာ စက်တင်ဘာ ၁၀ ရက်က ပြင်ဆင်မှု လုပ်ဆောင်နေတဲ့ အိုရှန်း မယ်လိုဒီ အမည်ရှိ နိုင်ငံခြားကုန်တင်သင်္ဘောတစင်းပေါ်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၅ ယောက် သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြပါတယ်။
မီးလောင်မှုဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၅ မိနစ်လောက်က ချင်းတောင် ပေးဟိုင် သင်္ဘောကျင်းမှာ ပြုပြင်စစ်ဆေးနေတုန်း ဖြစ်ပွားခဲ့တာလို့ ဆင်ဟွာသတင်းမှာ ပါရှိပါတယ်။
သင်္ဘောပေါ်မှာ ရှိနေတဲ့ လူ ၄၂ ယောက်အနက် ၁၂ ယောက်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရပါတယ်။ မီးကိုတော့ မွန်းလွဲပိုင်း အစောပိုင်းမှာ ငြှိမ်းသတ် နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
LSEG သင်္ဘောသွားလာမှု အချက်အလက်တွေအရ မီးလောင်ခဲ့တဲ့ အိုရှန်း မယ်လိုဒီ သင်္ဘောဟာ အနှစ် ၂၀ သက်တမ်းရှိပြီဖြစ်တဲ့ လိုက်ဘီးရီးယားအလံတင် ရိက္ခာခြောက်သင်္ဘောဖြစ်ပြီး ယုယန်ကွန်းဖန် ရှန်ဟိုင်းသင်္ဘောစီမံခန့်ခွဲရေးကုမ္ပဏီက စီမံခန့်ခွဲကာ ဟွေ့လီသင်္ဘောလုပ်ငန်းက တရားဝင် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ သြဂုတ် ၃၁ ရက်ကတည်းက ချင်းတောင် သင်္ဘောကျင်းကို ရောက်ရှိနေခဲ့တာလို့ LSEG အချက်အလက်တွေက ဖော်ပြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ရှာဖွေကယ်ဆယ်ရေးတွေ ပိုမိုလုပ်ဆောင်ဖို့၊ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ ညွှန်ကြားထားကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
ဒီသင်္ဘောကျင်းကို ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတခုဖြစ်တဲ့ နိုင်ငံပိုင် တရုတ် သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်း (CSSC) က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Source:Reuters











