DVB Logo
Home
မြန်မာသတင်း
အမေရိကန်လွှတ်တော်၊ အင်ဒို-ပစိဖိတ်ရေးရာကော်မတီ ၄ ခုနှင့် ဒေါက်တာဆာဆာ တွေ့ဆုံ
DVB
·
December 15, 2024
အမေရိကန်လွှတ်တော်၊ အင်ဒို-ပစိဖိတ်ရေးရာကော်မတီ ၄ ခုနှင့် ဒေါက်တာဆာဆာ တွေ့ဆုံ
Donate to DVB

အမေရိကန်လွှတ်တော်၊ အင်ဒို-ပစိဖိတ်ရေးရာကော်မတီ ၄ ခုက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိလာအောင် တည်ဆောက်နေတယ်လို့ ဝန်ကြီးဒေါက်တာဆာဆာက ပြောပါတယ်။

နိုဝင်ဘာလဆန်းက စတင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဟာ အမေရိကန်လွှတ်တော် အင်ဒို-ပစိဖိတ်ရေးရာကော်မတီ ၄ ခုက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောပါတယ်။ 

အသစ်တက်မယ့် သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် မာကိုရူဘီယို၊ ရီပါဘလစ်ကန်ပါတီ ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ဖို့လည်း နည်းလမ်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရမ့်တက်လာချိန်မှာ ပိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေရလာဖို့ နောက်ထပ်ခရီးစဉ်တွေ ၂၀၂၅ မှာ ထပ်စီစဉ်ပြီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ 

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ က “သမ္မတဒေါ်နယ်ထရမ့်ပ် ဆိုရင်လည်း သူ့အနီးအနားမှာရှိတဲ့ ခေါင်းဆောင်တွေ လွှတ်တော်က ဆီနိတ်တာတွေ သူ့အနီးနားမှာရှိတဲ့ ကွန်ဂရက်တာဝန်ရှိသူတွေနဲ့ ကျနော်တို့ တွေ့ခဲ့တယ်။ တွေ့ခွင့်ရခဲ့တယ်။ သူတို့နဲ့ အများကြီးဆွေးနွေးခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဆီနိတ်တာ မာကိုရူဘီယို ဆိုရင်လည်း သူတို့ရုံးနဲ့ ရီပါဘလစ်ကန်ဘက်က ခေါင်းဆောင်တွေနဲ့ကို ကျနော်တို့ ချိတ်ဆက်မှုတွေ ရခဲ့တယ်။ ဆက်ဆံရေးတွေ အများကြီးတည်ဆောက်ဖို့ လိုလာတယ်ပေါ့နော်။ ဒါတွေနဲ့ပတ်သက်လို့ လွှတ်တော်မှာလည်း ကျနော် အနည်းဆုံး ဆီနိတ်တာ ၅ ယောက်နဲ့ တွေ့ခဲ့တယ်။ အဓိက ကျနော် ကော်မတီ ၄ ခုနဲ့တွေ့ခဲ့တယ်။ အဓိကကတော့ အင်ဒိုပစိဖိတ်နဲ့ပတ်သက်တဲ့ ကော်မတီတွေဖြစ်တယ်။ ပြီးမှ တရုတ်နဲ့ပတ်သက်တဲ့ Select ကော်မတီတွေလည်း ရှိတယ်။ ပြီးမှ နိုင်ငံခြားရေးနဲ့ပတ်သက်တဲ့ ကော်မတီက တာဝန်ရှိတဲ့သူတွေရယ်၊ ပြီးမှ Appropriation Bill နဲ့ပတ်သက်တဲ့ ကော်မတီကလူတွေရယ် ကျနော်တို့ တွေ့နိုင်ခဲ့တယ်။”

ဒေါက်တာဆာဆာ တွေ့ဆုံခဲ့တဲ့ ကန်လွှတ်တော်ကော်မတီတွေထဲမှာ အမေရိကန်လွှတ်တော်ရဲ့ တရုတ်နိုင်ငံရေးရာနဲ့ ဆက်စပ်တဲ့ကော်မတီလည်း ပါဝင်ခဲ့ပြီး မြန်မာ့အရေးမှာ စွက်ဖက်မှုရှိနေတဲ့ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေ ရှိနေတာပါ။ 

တရုတ်အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်ကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေကို ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး နိုင်ငံတကာရောက်မြန်မာတွေက နိုင်ငံတကာမှာ လှုပ်ရှားမှုတွေ ဖော်ဆောင်နေကြပါတယ်။ 

ဦးရင်အေး (Save Myanmar-USA) က “တရုတ်အနေနဲ့ကတော့ ပြောမယ်ဆိုရင်တော့ Bilateral ပေါ့။ ၂ ဖွဲ့ချင်းပဲ စေ့စပ်ဆွေးနွေးပြီးတော့ ပြေလည်မှုရှာတဲ့လမ်းကြောင်းကို သူတို့က သိပ်ကြိုက်တယ်။ တိုင်းရင်းသားတဖွဲ့ချင်းစီကနေ ငြိမ်းချမ်းရေးဆွေးနွေးတာမျိုး သူတို့က လုပ်စေချင်တယ်။ အဲဒီအတွက်ကြောင့် မင်းအောင်လှိုင် စစ်အုပ်စုသည် အကျိုးအမြတ်ရနေမယ်။ အဲဒါသည် Bilateral ပဲဗျ ကျနော် ပြောချင်တာ။ အပစ်ရပ်မယ်၊ ၂ ဖွဲ့ချင်း ဆွေးနွေးမယ် ဖြစ်နေတဲ့အနေအထားက စစ်ပွဲဆိုတာ တနိုင်ငံလုံး ဖြစ်နေတာလေ။ ရှိသမျှအင်အားစုအားလုံးနဲ့ စစ်ပွဲတွေဖြစ်နေကြတာ၊ နေရာအနှံ့မှာ ဖြစ်နေကြတာ။ အပစ်ရပ်ရေးပြောလို့ရှိရင် ကျနော်တို့က Bilateral ကို သွားလို့မရတော့တာ။ ၂ ဖွဲ့ချင်း သွားလို့မရတော့ဘူး။ Multilateral ပဲ သွားရတော့မှာ။ လက်ရှိ စစ်ကောင်စီကို တိုက်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေရော တိုင်းရင်းသားအင်အားစုတွေရော နွေဦးတော်လှန်ရေးကို ဦးဆောင်တဲ့ NUG ကအစ အားလုံး ဒါကို သဘောပေါက်ဖို့လိုပါတယ်။ ဒေါ်စုနဲ့ စစ်ကောင်စီနဲ့ စကားပြောပြီး ပြေလည်လို့မရပါဘူး။ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နွေဦးတော်လှန်ရေးအခင်းအကျင်းတွေမှာ ကျနော်တို့က Multilateral ပဲ သွားရတော့မယ်” လို့ ပြောပါတယ်။

ဒေါက်တာဆာဆာက အမေရိကန်နိုင်ငံခရီးစဉ်အတွင်း သူ့ရဲ့တွေ့ဆုံဆွေးနွေးမှုတွေနဲ့ လှုပ်ရှားမှုတွေကို လူထုတွေ့ဆုံပွဲတွေမှာ အသိပေးမှုတချို့ ပြုလုပ်ခဲ့ပေမဲ့ ဆွေးနွေးချက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ 

ကုလသမဂ္ဂစင်မြင့်မှာတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လာမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုခန့်ထားကြောင်း ဒီဇင်ဘာလဆန်းမှာ အတည်ပြုချက်ထွက်ပေါ်ထားပါတယ်။ 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က “ကမ်ပိန်းတွေ ကမ်ပိန်းတွေလုပ်နေတဲ့ဥစ္စာ ရှိတယ်၊ လုပ်နေတဲ့ ကမ်ပိန်းတွေက ကျနော်တို့ ပြည်သူတွေရဲ့ အသံ ပြည်သူတွေရဲ့ ဆန္ဒကို သိရှိကြဖို့ပေါ့နော်။ အထူးသဖြင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေ သိရှိကြဖို့လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေရဲ့အသံ ထွက်လာလေလေ သူတို့ ကြားကိုကြားရမယ်၊ သူတို့ကြားရတဲ့ ဥစ္စာကနေတဆင့် သူတို့ လိုက်ပါဆောင်ရွက်ရမယ်ဆိုတဲ့အသိ ရှိကိုရှိလာမယ် ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေကိုလည်း ပုံစံမျိုးစုံနဲ့ ပြည်သူတွေရဲ့အသံ၊ ဆန္ဒကို နိုင်ငံတကာက သိအောင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက သိအောင် လုပ်ဆောင်ပေးနေတဲ့ဟာတွေအတွက်ကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောလိုပါတယ်။”

နိုဝင်ဘာ ၃၀ ရက်နေ့ ဘော်စတွန်မြို့က ပြည်သူတွေနဲ့တွေ့ဆုံရာမှာ NUG ရဲ့ ရှေ့ဆက်မယ့် လမ်းစဉ်အခြေအနေတွေကို ဒေါက်တာဆာဆာက ရှင်းလင်းခဲ့ပြီး စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က ဖမ်းဝရမ်းမြန်မြန်ထုတ်နိုင်ရေးအတွက် ပြည်သူအားလုံး ဝိုင်းကြိုးစားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

နိုဝင်ဘာ ၁ ရက်နေ့ နယူးယောက်မြို့က ပြည်သူတွေနဲ့ တွေ့ဆုံရာမှာတော့ နိုင်ငံတကာကနေ စစ်ကောင်စီဆီ တင်ပို့နေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ဖို့၊ နိုင်ငံတကာမှာ စစ်ကောင်စီရဲ့ တရားဝင်ဖို့ ကြိုးစားနေတာကို ဖြတ်တောက်ဖို့နဲ့ နိုင်ငံတကာရဲ့ ငွေကြေးနဲ့အကူအညီတွေ စစ်ကောင်စီလက်ထဲ ရောက်နေတာတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013