DVB Logo
Home
မြန်မာသတင်း
ကလေးဒေသခံ ၆ ဦးကို ပျူစောထီး ဖမ်းဆီး၊ ကဗျာဆရာတဦးအား မီးရှို့သတ်ခဲ့သူကို အရှင်ဖမ်းမိ
DVB
·
December 15, 2024
ကလေးဒေသခံ ၆ ဦးကို ပျူစောထီး ဖမ်းဆီး၊ ကဗျာဆရာတဦးအား မီးရှို့သတ်ခဲ့သူကို အရှင်ဖမ်းမိ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ဖမ်းဆီးခံရပြီးနောက် ‌ ကျေးရွာဒေသခံ ၆ ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးသွားပြီး မုံရွာမြို့က ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ ပရဟိတသမားလည်းဖြစ်တဲ့ ကဗျာဆရာ ဦးစိန်ဝင်း ကို မီးရှို့သတ်ဖြတ်ခဲ့သူကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်၊ နှောညောင်ပင်ရွာက အုပ်ချုပ်ရေးမှူး ဦးမောင်ရီနဲ့သားဟာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက တောထဲကို နွားကျောင်းသွားရင်း ဒေသကာကွယ်ရေးတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက် ဦးမောင်ရီရဲ့ အစ်ကိုဖြစ်သူ ပျူစောထီး ဦးနွားထီး ဦး‌ဆောင်တဲ့ ပျူစောထီးတွေက ဒီဇင်ဘာ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ညမှာ နှောညောင်ပင်ရွာကဒေသခံ ဦးမျိုးဝင်း၊ ဦးတင်မိုးဆွေ၊ မဝင်းနု၊ မယု၊ မသိန်းသိန်းဌေးနဲ့ မဇင်မာဖြူတို့ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ‌တော့ ဖမ်းဆီးခံရသူအားလုံးကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

နှောညောင်ပင်ကျေးရွာဟာ ကလေးမြို့နားမှာရှိပြီး ကျေးရွာထဲမှာ စစ်ကောင်စီက တပ်စွဲနေထိုင်သလို ရွာသားတချို့ကိုလည်း စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ကောင်စီက အရပ်သား ၂၇,၈၇၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ ပရဟိတသမားလည်းဖြစ်တဲ့ ကဗျာဆရာ ဦးစိန်ဝင်း ကို မီးရှို့သတ်ဖြတ်ခဲ့သူတယောက်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ပလဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကဗျာဆရာ ဦးစိန်ဝင်း ကို သတ်ပြီး စစ်တပ်အတွက် သတင်းပေးဒလန်လုပ်နေတဲ့ အောင်ကိုလတ် ကို အရှင်ဖမ်းမိနိုင်ခဲ့တာပါ။ မြို့ပေါ်က နေရာတခုမှာပဲ ဖမ်းမိခဲ့တာပါဗျ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူ အောင်ကိုလတ် ဟာ စစ်တပ်အတွက် သတင်းထောက်လှမ်းနေချိန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုအာကူး က “အခုဖမ်းမိတဲ့ အောင်ကိုလတ် က ကဗျာဆရာဦးစိန်ဝင်း ကို သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးတဦး ဖြစ်ပါတယ်။ ဦးစိန်ဝင်း ကို သတ်ဖြတ်တဲ့အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းပြီးတော့ သူ့ရဲ့ ဝန်ခံထွက်ဆိုချက်တွေနဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြည်သူတွေသိအောင် ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။

ကဗျာဆရာဦးစိန်ဝင်း ဟာ ၂၀၂၁ ခုနှစ်၊ မေ ၁၄ ရက်က မုံရွာစက်မှုဇုန်မှာရှိတဲ့ ခေါက်ဆွဲစက်တခုထဲမှာ စစ်ဘေးရှောင်တွေအတွက် အလှူငွေကိစ္စ သွားရောက်ရင်း ဓာတ်ဆီထုပ်နဲ့လောင်းပြီး မီးရှို့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ် ပလဖ) ဟာ မုံရွာမြို့ပေါ်က န၀ရတ်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်ခဲ့ကြသူတွေအပြင် ပျူစောထီးတွေနဲ့ စစ်ကောင်စီ သတင်းပေးတွေကိုလည်း အရှင်ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013