DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံသားဖြစ်ခွင့် လိမ်လည်လျှောက်ထားသည့် ဆီးရီးယားထောင်မှူးဟောင်း တရားစွဲခံရ
DVB
·
December 15, 2024
အမေရိကန်နိုင်ငံသားဖြစ်ခွင့် လိမ်လည်လျှောက်ထားသည့် ဆီးရီးယားထောင်မှူးဟောင်း တရားစွဲခံရ
Donate to DVB

ဒမတ်စကတ် ဗဟိုအကျဉ်းထောင်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ညှဉ်းပန်းနှိပ်စက်မှုတွေ ဦးဆောင်ကျူးလွန်ခဲ့တဲ့ ဆီးရီးယားအစိုးရ အရာရှိဟောင်းတယောက်ကို လော့စ်အိန်ဂျလိစ်ရှိ ဗဟို ဂျူရီလူကြီးအဖွဲ့က တရားစွဲဆိုခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

အက်ဒြာအကျဉ်းထောင်ကို အုပ်ချုပ်ခဲ့တဲ့ အသက် ၇၂ နှစ်ရှိ ဆမီယာ အို့စ်မန်အလ်ရှိတ်ခ်ဟာ ထောင်အာဏာပိုင်အဖြစ် သူတာဝန်ယူစဉ်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း ဝေဒနာတွေ ပြင်းပြင်းထန်ထန် ခံစားရစေဖို့ လက်အောက်ငယ်သားတွေကို အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲထားကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။

တချို့ဖြစ်ရပ်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျပါဝင် ကျူးလွန်ခဲ့ကြောင်း တရားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီကိစ္စ မှတ်ချက်ယူဖို့အတွက် ထောင်မှူးဟောင်း အလ်ရှိတ်ခ်ကို ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။

ဒီနှိပ်စက်ညှဉ်းပန်းမှုတွေဟာ ဖြုတ်ချခံရတဲ့ ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို တားဆီးဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း အမေရိကန်တရားရေးဌာနက ပြောပါတယ်။

သူဟာ နောက်ပိုင်းမှာ အမေရိကန်မှာ နေထိုင်ခွင့် ဂရင်းကတ်ရဖို့အတွက် သူ့ရဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး လိမ်ညာခဲ့တယ် လို့လည်း ဆိုပါတယ်။ 

အလ်ရှိတ်ခ် ဟာ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့လာပြီး ၂၀၂၃ ခုနှစ်မှာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခဲ့တာပါ။

ဩဂုတ်လတုန်းက အလ်ရှိတ်ခ်ဟာ နိုင်ငံသားဖြစ်ခွင့်အတွက် လိမ်လည်ဖို့ ကြိုးပမ်းမှုအတွက် ကနဦး စွဲချက်တင်ခံခဲ့ရပြီး ကြာသပတေးနေ့မှာ တရားဝင် အစားထိုးစွဲဆိုချက် ပြန်ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီစွဲချက်တင်မှုမှာ ညှဉ်းပန်းနှိပ်စက်မှု ၃ မှုနဲ့ ဗီဇာလိမ်လည်မှု စွဲချက်တွေအပြင် နှိပ်စက်ညှဉ်းပန်းမှု ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှု ၁ မှုတို့ကို ထပ်ထည့်ထားတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013