DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို မဲခွဲဖြုတ်ချ၊ လုံခြုံရေးတင်းကျပ်ရန် ဝန်ကြီးချုပ် အမိန့်ပေး
DVB
·
December 14, 2024
တောင်ကိုရီးယားသမ္မတကို မဲခွဲဖြုတ်ချ၊ လုံခြုံရေးတင်းကျပ်ရန် ဝန်ကြီးချုပ် အမိန့်ပေး
Donate to DVB

တောင်ကိုရီးယားသမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ မဲခွဲဆုံးဖြတ်ပြီးနောက်မှာ ဝန်ကြီးချုပ်က လုံခြုံရေးတင်းကျပ်ဖို့ စစ်တပ်ကိုအမိန့်ပေးလိုက်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကလည်း သူ့ရဲ့လုပ်ငန်းစဉ်တွေစတင်ပြီလို့ ကိုရီးယားသတင်းဌာန YonHap က ဆိုပါတယ်။

လွှတ်‌‌တော်မှာ သမ္မတဖြုတ်ချရေးအဆိုကို ဒီနေ့ မဲပေးခဲ့ကြပြီး တက်ရောက်လာတဲ့ လွှတ်တော်အမတ် ၃၀၀ ထဲက ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲ၊ ကြားနေ ၃ မဲနဲ့ ပယ်မဲ ၈ မဲ ရှိခဲ့ပြီးနောက် သမ္မတရဲ့တာဝန်တွေဟာ ဒီနေ့ည ဒေသစံတော်ချိန် ၇ နာရီ ၂၄ မိနစ်မှာ ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။

လွှတ်တော်က ဆုံးဖြတ်ပြီးတာနဲ့ ဝန်ကြီးချုပ် Han Duck-soo က လုံခြုံရေးတင်းကျပ်ဖို့ ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးခဲ့သလို အမေရိကန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကင်မ်မြောင်ဆူးကိုလည်း လုံခြုံရေးတင်းကျပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ်တွေကတဆင့် အဓိကနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ပြောဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး ချိုထယ်ယွန်းကိုလည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ကြီးနဲ့ ယာယီပြည်ထဲရေးဝန်ကြီးတို့ကိုလည်း ဝန်ကြီးချုပ်က သက်ဆိုင်ရာအလိုက် အရေးအခြေအနေတွေကို တုံ့ပြန်ဖို့အတွက်ပြင်ဆင်ဖို့ အမိန့်ပေးထားပါတယ်။

ဝန်ကြီးချုပ်ဟာ သမ္မအပေါ်စွပ်စွဲပြစ်တင်တဲ့ဆုံးဖြတ်ချက် သူ့ဆီကိုရောက်တဲ့အခါ သမ္မတကို တာဝန်တွေကနေ တရားဝင်ရပ်ဆိုင်းပြီးနောက် အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူပြီး ပြည်သူတွေကို မိန့်ခွန်းပြောမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

လွှတ်တော်ကနေ အခုလိုဆုံးဖြတ်ချက်အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်မှာ အမှုတင်သွင်းပြီး လာမဲ့ တနင်္လာနေ့မှာ တရားသူကြီးတွေ အစည်းအဝေးခေါ်မယ်လို့ ခုံရုံးတာဝန်ရှိသူက ပြောဆိုပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကြေညာတာမှာ ပါဝင်ပတ်သက်မှုစွပ်စွဲချက်နဲ့ ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးကွပ်ကဲမှု အကြီးအကဲဟောင်း ဗိုလ်ချုပ် Yeo In-hyung ကို ဒီနေ့မှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့လည်း The Korea Herald သတင်းဌာနက ဖော်ပြထားပါတယ်။

သမ္မတယွန်းဟာ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးကို ရုတ်တရက်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013