DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်က စစ်ရှောင် ၅၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
DVB
·
December 14, 2024
ဝိုင်းမော်မြို့နယ်က စစ်ရှောင် ၅၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
1 / 3
Donate to DVB

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေးအတွက် ပိုပြီး ခက်ခဲလာနေကြပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “စားဝတ်နေရေးဖြေရှင်းတယ်ဆိုပြီးတော့ ကူညီတဲ့အဖွဲ့ကနေ ကူညီနေတာတော့ရှိတယ်။ ဒါပေမဲ့ ကူညီပေးတာ တခုတည်းနဲ့တော့ ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ ကုန်ဈေးနှုန်းတွေကလည်း မတရားတက်နေတယ်။ အလုပ်အကိုင်ကျတော့ စစ်ရှောင်လာတဲ့အခါကျတော့ အများအားဖြင့် အကုန်လုံးလိုနီးပါးက တောင်ယာတွေ၊ လယ်တွေ အခင်းတွေ လုပ်စားကြတဲ့သူတွေဆိုတော့ ဒီမှာကျတော့ မြေတွေ မရှိတဲ့အခါကျတော့ လက်လုပ်လက်စားလုပ်ဖို့လည်း ကိုယ့်မှာ တခြားပညာတွေ မတတ်တာလည်း မရှိသလောက်ပေါ့နော်၊ အဲ့ခါကျ‌တာ့ စားဝတ်နေရေး တော်တော်လေးခက်ခဲတာတွေ ရင်ဆိုင်နေရပါတယ်။”

နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာတစ်ဝိုက်မှာ စစ်ရှောင်စခန်း ၁၈ ခုရှိပြီး အိမ်ထောင်စု ၁၄၀၀ ကျော် လူဦးရေ ၅၀၀၀ နီးပါးရှိကာ စစ်ဘေးရှောင်စခန်းတခုစီမှာ ကျေးရွာတခုချင်းစီအလိုက် စုဖွဲ့နေထိုင်ကြတာ ဖြစ်ပါတယ်။ 

စစ်ရှောင်ပြည်သူတွေထဲ ဧရာ၀တီမြစ်ကမ်းဘေး လဘန်ရွာမှာ စစ်ရှောင်နေတဲ့ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာဒေသခံတွေက  အခက်အခဲဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်တစ်ဖက်ကမ်း လဘန်ရွာမှာ မိုးကာတဲ့နဲ့ စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေကတော့ ဆောင်းတွင်းအအေးဒဏ်ကို အန်တုနေကြရပြီး ဖုန်းလိုင်းမရှိတာကြောင့် မိသားစုနဲ့ ဆွေမျိုးတွေဆီကို ဆက်သွယ်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။

လဘန်ရွာရှိ စစ်ရှောင်ပြည်သူတယောက်က “စစ်ရှောင်ကတော့ ၉ လထဲမှာ ရှိလာပြီ။ အရင်ကတော့ ခေတ္တပဲ ထင်ခဲ့တာ၊ အခုတော့ တော်တော်လေးကြာသွားပြီ။ အခက်အခဲတွေကတော့ ဆက်ပြီးရင်ဆိုင်လာဆဲပဲပေါ့ ရက်ကြာလာတာနဲ့အမျှ။ ခေါင်မိုးတွေကလည်း မိုးကာတဲပဲ ဆိုတော့ ပျက်စီးလာတယ်။ ဆောင်းတွင်းဆိုတော့ အေးပြီးတော့ မြစ်ကမ်းဘေးမှာဆိုတော့ အေးတယ်။ ဖုန်းလိုင်းတွေလည်း ဘာမှမမိတော့ အဆက်အသွယ်တွေလည်း မရဘူး။”

စစ်ရှောင်တွေထဲမှာ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပါဝင်ပြီး မိုးကာနဲ့ဆောက်ထားတဲ့ စစ်ရှောင်စခန်းကျဉ်းလေးထဲမှာသာ နေနေရပြီး နာမကျန်းဖြစ်သူတွေလည်း ရှိနေတာကြောင့် ဆေးဝါးကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မတ် ၇ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့– ချီဖွေ– ဆဒုံးသွားလမ်းမပေါ်ရှိ လမြန်၊ မုတ်ကြိတ်၊ ဝူယန်၊ နန့်ဝါ၊ ဝါးရှောင် စတဲ့ ကျေးရွာနေ ပြည်သူတွေကတော့ စစ်ဘေးရှောင်ခဲ့ကြပေမဲ့ မြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တာကြောင့် နေအိမ်ခဏတဖြုတ် အသွားအပြန်လုပ်လို့ ရနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဝိုင်းမော် - လိုင်ဇာ - ဗန်းမော်သွားလမ်းမပေါ်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁၊ အောင်မြေ ၂ စတဲ့ ကျေးရွာတွေဘက်က ဒေသခံတွေကတော့ စစ်ရှောင်ခဲ့စဉ်ကတည်းက လက်ရှိချိန်ထိ ပြန်လို့မရဘူးလို့ သိရပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့အချိန်ကစပြီး လက်ရှိချိန်ထိ ၉ လကျော်ကြာမြင့်လာပြီဖြစ်ပေမဲ့ ဝိုင်းမော်မြို့ စစ်ရေးအခြေအနေဟာ ငြိမ်သက်သွားခြင်းမရှိဘဲ နေရာကွက်ကြား တိုက်ပွဲပြင်းထန်နေသေးတာကြောင့် စစ်ရှောင်တွေဟာ ရေရှည်စစ်ဘေးရှောင်ရမယ့် အခြေအနေ ရောက်နေတဲ့အတွက် အဘကဘက်ကနေ စိုးရိမ်နေကြရပါတယ်။

စစ်ရှောင် အမျိုးသမီးတယောက်က “ကျမတို့က စားဝတ်နေရေးက တော်တော်ခက်ခဲလာတယ်။ အခုဘာတောင် စဉ်းစားလည်းဆို‌တော့ ကျမတို့ လယ်တွေ ခြံတွေ အကုန်လုံးပစ်ထားခဲ့ရတယ်။ ဘယ်လိုမှလည်း နောက်နှစ်အတွက် ကျမတို့ စိတ်ပူတယ်။ ဘာတွေ စားကြမလဲပေါ့။ ကျမတို့က ပြန်လို့မရဘူး။ လမ်းကိုက ပိတ်ထားတာ။ ရွာထဲကိုလည်း ပြန်လို့မရသေးဘူး။ ရွာပြန်တဲ့ ဝိုင်းမော်အထွက်လမ်းကိုလည်း အခုထိသွားလို့မရသေးဘူး။ တချို့ကပြောတယ် တခြားလမ်းတွေကသွားတယ်။ ဒါပေမဲ့ ကျမတို့ သွားကြိုးစားကြည့်တယ်။ ဘယ်ဘက်ကမှ ဝင်လို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် နေရပ်ပြန်လို့မရဘဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ စစ်ရှောင်တွေက သိရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ကချင်တပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွားတဲ့ချိန်ကစပြီး WFP ရဲ့ ကူညီထောက်ပံ့မှုလည်း ကချင်စစ်ရှောင်တွေဆီ မရောက်ရှိတော့သလို အစားအသောက်တွေ ပြတ်လပ်ပြီး အခက်အခဲကြုံနေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013