DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ဆက်သွယ်ရေးလိုင်းများပိတ်ထားသဖြင့် ဒေသခံများခက်ခဲနေ
DVB
·
December 14, 2024
မိုးကုတ်မြို့တွင် ဆက်သွယ်ရေးလိုင်းများပိတ်ထားသဖြင့် ဒေသခံများခက်ခဲနေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လေကြောင်းဗုံးကြဲခံရပြီးနောက် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေး လိုင်းတွေကို ပိတ်ထားတာကြောင့် သတင်း၊ ဆက်သွယ်ရေးနဲ့ ငွေကြေးလွှဲပို့တာမျိုးတွေ ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြည်သူတွေကို အသုံးပြုခွင့်ပိတ်ထားပေမဲ့ TNLA၊ PDF နဲ့ ပတ်သက်သူတွေကတော့ အင်တာနက်သုံးခွင့်ရနေတယ်လို့ ​မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။

“ခုက ဘာသတင်းမှလည်းမသိရဘူး၊ အဝေးကမိသားစုတွေနဲ့ ဆက်သွယ်ချင်ရင်လည်း ဆက်သွယ်လို့ မရဘူး။ အင်တာနက်သုံးလို့ရတယ်ဆိုလို့ သွားမေးတာ၊ အထက်ကအမိန့်နဲ့ လာသုံးတဲ့သူတွေပဲ ရတာပြောတယ်၊ သွားချောင်းကြည့်တော့လ​ည်း တ​ခြား PDF နဲ့ သိတဲ့သူတွေပဲ”

အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အဝေးရောက်မိသားစုတွေနဲ့ ဆက်သွယ်ရခက်ခဲနေပြီး သတင်းစီးဆင်းမှုတွေလည်း ပြတ်တောက်နေတယ်လို့မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့တွင်း အင်တာနက်နဲ့ဆက်သွယ်ရေး ပိတ်ထားတဲ့ အခြေအနေကို TNLA ပြန်ကြားရေး တာဝန်ခံက “မိုးကုတ်မြို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အခါ ပြည်သူလူထု ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ပြည်သူတွေရဲ့လုံခြုံရေးကို ကြည့်ပေးတဲ့အနေနဲ့ စတားလင့်ခ်၊ ဝိုင်ဖိုင်နဲ့ ဆက်သွယ်ရေးကို ယာယီပိတ်ထားပါတယ်။ စစ်တပ်ကိုသတင်းပေးတယ် ဒလန်လုပ်တယ်လို့ ပြည်သူက တိုင်ကြားရင်တော့ ကျမတို့ဘက်က သွားရောက်စစ်ဆေးဖမ်းဆီးတာတွေရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ ငွေလွှဲပို့တာမျိုးလည်း လုပ်လို့မရတာကြောင့် ခရီးသွားတဲ့လူတွေနဲ့ လူကြုံ ငွေထည့်ပေးနေရပြီး အခက်အခဲတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အဝေးကမိသားစုကို အရေးပေါ်ဆက်သွယ်ဖို့လည်း ခက်ခဲတယ်။ ငွေလွှဲပေးဖို့လည်း ဘယ်သူ့ကိုဆက်သွယ်ရမလဲမသိဘူး။ စိတ်ချရတဲ့ငွေလွှဲတွေကလည်း လွှဲခက ရာခိုင်နှုန်းသီးသန့်ပေးရသလို အိမ်ပို့ဖို့လည်း ပို့ခပေးရတယ်၊ အိမ်ကို ၁ သိန်းပို့ချင်ရင် ထက်ဝက်လောက်က ပို့ခနဲ့ ထုတ်ခဖြစ်နေတယ်။ အဲဒါတွေအဆင်မပြေဘူး” လို့ ပြောပါတယ်။

ငွေလွှဲ ငွေလက်ခံလိုသူတွေအနေနဲ့ ဌာဆိုင်ရာမှာ အကူအညီတောင်းနိုင်တယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံကပြောပေမဲ့ ဒီလိုအကူအညီတောင်းနိုင်တယ်ဆိုတာကို ပြည်သူတွေကတော့ မသိကြပါဘူး။

တချို့နေရာတွေမှာ CDMA ဖုန်းလိုင်းကတော့ သုံးလို့ရတာကြောင့် အဲဒီကနေ အဝေးကမိသားစုနဲ့ ဆက်သွယ်သူတွေကို TNLA တပ်ဖွဲ့ဝင်တွေက အပြစ်ပေးတာတွေရှိတယ်လို့ မိုးကုတ်အနောက်ပိုင်း ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“ဒေါ်နန်းကြည်တောင်ပေါ်မှာ အမျိုးသမီးတယောက် ဖုန်းဆက်လို့ဆိုပြီး ဖုန်းသိမ်းတယ်။ ထိုင်ထ လုပ်ခိုင်းတယ်။ တခြား ဖုန်းဆက်သူတွေကိုလည်း ဖမ်းတာတွေရှိတယ်။ ငွေလည်း ၃ သိန်း ဆောင်ရတယ်” လို့ပြောပါတယ်။

မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီးနောက် အင်တာနက်နဲ့ ဖုန်းအသုံးပြုခွင့်ကို TNLA ဘက်က ပိတ်ပင်ထားတာဖြစ်ပြီး ဘယ်နေ့အထိ ပိတ်တယ်ဆိုတာကို မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013