DVB Logo
Home
မြန်မာသတင်း
ဝင်ငွေနည်းပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်းရမ်းသူ ပိုများလာ
DVB
·
December 14, 2024
ဝင်ငွေနည်းပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်းရမ်းသူ ပိုများလာ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းအထွေထွေအကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းအဆမတန်ကြီးမားလာမှုနဲ့ ဝင်ငွေနည်းပါးလာခဲ့ကြလို့  တောင်းရမ်းစားသောက်သူ ပိုများလာတာ တွေ့ရတယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင်တွေက ပြောပါတယ်။

တောင်းရမ်းနေတဲ့ အသက်အရွယ်တွေထဲမှာ ကလေးမိခင်၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံး ပါဝင်နေတဲ့အပြင် တဦးချင်းကနေ အဖွဲ့လိုက် ပိုက်ဆံအလှူခံနေကြတာပါ။

သူတို့ဟာ ဈေးလမ်းဆုံ၊ ကားမှတ်တိုင်၊ ရထားဘူတာ၊ ဘာသာရေးအဆောက်အအုံအနီးအနားနဲ့ ပွဲတော်တွေမှာ မနက်ကနေ ညနက်အထိ ရှိနေတတ်ကြပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင်တယောက်က “တောင်းတဲ့သူတွေ အရွယ်စုံပါပဲ။ ဟိုး...ကလေးလေးကနေ အဘိုး၊ အဘွားအရွယ်အထိ ပါတယ်။ ဒီနှစ်ထဲ ပိုများလာတာပေါ့။ ဈေးတွေ၊ ဘုရားတွေနားတို့ မီးပွိုင့်တွေမှာ ပိုတွေ့ရတယ်။ အဓိက ကုန်ဈေးနှုန်းကြီးမားတာရယ် ပိုက်ဆံနည်းနည်းလေး ရတာရယ်ကြောင့် မလောက်တော့လို့ ထွက်တောင်းရတဲ့သူတွေပါ”လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က ကြက်ဥတလုံး ၈၀ ကျပ်ကနေ ၁၅၀ ကျပ်၊ ကြက်သားတပိဿာ ၆၀၀၀ ကျပ်၊ ကန်ဇွန်းရွက်တစီး ၂၀၀ ကျပ်၊ စားသုံးဆီတပိဿာ ၁၇၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတပြည် ၃၅၀၀ ကျပ်၊ ဆန်ကြမ်းတပြည် ကျပ် ၂၀၀၀၊ ကော်ဖီမစ်တထုပ် ၁၀၀ ကျပ်သာ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီး ၃ နှစ်ခွဲကျော်မှာတော့ ကြက်ဥတလုံး ၄၀၀ ကျပ်၊ ကြက်သားတပိဿာ ၁၇၀၀၀ ကျပ်၊ ကန်ဇွန်းရွက်တစီး ၁၂၀၀ ကျပ်၊ စားသုံးဆီတပိဿာ ပြင်ပပေါက်ဈေး ၁၃၀၀၀ကျပ်၊ ဆီစာအုပ်ဈေး ၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တပြည် ၈၀၀၀ ကျပ်၊ ဆန်ကြမ်းတပြည် ၄၀၀၀ ကျပ်၊ ကော်ဖီမစ်တထုပ် ၇၀၀ ကျပ်အထိ အဆမတန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ခြေမဲ့သူတွေနဲ့ တောင်းရမ်းစားသောက်ရသူတွေအတွက် ကူညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့ဂေဟာတွေ၊ ကလေးစောင့်ရှောက်ရေးနေရာတွေနဲ့ မိဘမဲ့ဂေဟာတွေ ရှိနေပေမဲ့ ရန်ပုံငွေလိုအပ်ချက်နဲ့ သတ်မှတ်ချက်စည်းကမ်းတွေကြောင့် အကုန်လုံးစောင့်ရှောက်ထားနိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

စောင့်ရှောက်ရေးဂေဟာပို့ဆောင်ပေးသူတယောက်က “ဂေဟာတွေက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ပို့ပေးပါတယ်။ တချို့ကလည်း ကျောထောက်နောက်ခံမရှိလို့ လမ်းဘေးထွက်တောင်းရတာတွေ ရှိတယ်။ ကားတွေပေါ်မှာ စာရွက်လိုက်ကမ်းတဲ့ ကလေးလေးတွေ၊ လမ်းဘေးအိပ်နေရတဲ့သူတွေကို သူတို့ဆန္ဒကိုမေးပြီးမှ ပို့တာပါ။ လူကြီးတွေဆိုရင် သန်လျင်သဘာဝရိပ်သာ ပို့ပေးပါတယ်။ အဓိက ရန်ပုံငွေပါပဲ။ သူတို့ကို စောင့်ရှောက်ထားပြီး ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာသင်ပေးဖို့လည်း လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လထဲမှာတော့ ကမ္ဘာ့ဘဏ်က လာမယ့် ၂၀၂၅ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီဇင်ဘာ ၁၁ ရက်‌ ခန့်မှန်းထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်မလာဘဲ ၁ ရာခိုင်နှုန်းထပ်မံ ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မြန်မာ့ စီးပွားရေးကျဆင်းမှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမားမှု၊ ငွေကြေးဆက်လက်ဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါး ဝင်ငွေနည်းပါးမှုတို့ကြောင့် တောင်း ရမ်းစားသောက်သူဦးရေ ပိုမိုများပြားလာဖို့ ရှိတယ်လို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013