DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် စစ်မှုထမ်းထောက်ပံ့ကြေးမထည့်သူများကို ရွာမှ နှင်ထုတ်မည်ဟု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်
DVB
·
December 13, 2024
မော်ကျွန်းတွင် စစ်မှုထမ်းထောက်ပံ့ကြေးမထည့်သူများကို ရွာမှ နှင်ထုတ်မည်ဟု အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဖိုးသားအေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက အရပ်သား ဒေသခံတွေကို စစ်မှုထမ်း ထောက်ပံ့ကြေး တအိမ် ကျပ် ၂၅၀၀၀ မထည့်ပါက ရွာထဲကနေနှင်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖိုးသာအေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက ဒေသခံအရပ်သားတွေကို အစည်းအဝေးခေါ်ပြီး ၃ ရက်အတွင်း သတ်မှတ်ငွေ ကျပ် ၂၅၀၀၀ ကို မထည့်ပါက ရွာထဲက နှင်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ တယောက်က “စစ်ကောင်စီတပ် အားကိုနဲ့ မိုက်ရိုင်းနေတာ။ ပထမ တကြိမ်က သတ်မှတ်ငွေ မပြည့်တာကြောင့် အခု ငွေမထည့်ရင် ရွာကနေနှင်ထုတ်လို့ရတဲ့အထိ လုပ်လို့ရ တယ်ပြောတာ။ သူကအကုန်အစည်းအဝေမှာခေါ်ပြောတာ။ မပျက်မကွက်ထည့်ရမယ်ပေါ့၊ ၃ ရက်အချိန်ပေးမယ်လို့ ပြောတာ။ အထက်နဲ့အောက် ပေါင်းစားနေတာ” လို့ ပြောပါတယ်။

ဖိုးသားအေး ကျေးရွာအုပ်စုထဲမှာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး ဖိုးသာအေးအစု၊ ကံစု၊ ပန်းခဝ၊ ခူမာန် စတဲ့ ကျေးရွာခွဲတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စု ဖြစ်တယ်လို့ သိရပါတယ်။

လပွတ္တာခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “မော်လမြိုင်ကျွန်းမြို့နယ်မှာက ကျေးရွာအုပ်စု ၁၀၈ အုပ်စုရှိတယ်။ ကျေးရွာခွဲ ၆၇၆ ရွာအထိ ရှိတဲ့မြို့ပါ။ အုပ်ချုပ်ရေးစနစ်ကျယ်ပြန့်တော့ အောက်ခြေအုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေအပေါ် အနိုင့်ထက်အုပ်ချုပ်နေတာ။ အခု ဖိုးသာအေး ကျေးရွာအပါအဝင် အုပ်ချုပ်ရေးမှူးတွေက လာဘ်စားမှုနဲ့ နေရာပြောင်း ပြစ်ဒဏ်ပေးခံရတဲ့ အရင်မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေပေးပြီးတော့ ဖြစ်နေသူတွေပါ။ ထပ်တက်လာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘယ်လို အရေးယူ အပြောင်း အလဲလုပ်ဖို့ ရှိမလဲဆိုတာ စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အေးဟာ စစ်မှုထမ်း စာရင်းမှာ မိသားစုတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ရှိသူတွေကို စာရင်းကနေပယ်ဖျက်တာ၊ ကင်းမစောင့်ပါက ဒဏ်ကြေးဆောင်ခိုင်းတာ၊ နွမ်းပါးသူတွေကို စစ်မှုထမ်းစာရင်းထဲထည့်တာ၊ လူစားထိုးကြေးဆိုပြီး ခြိမ်းခြောက်ငွေကောက်တာ စတာတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်နေတာလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က မြို့နယ်နဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကိုယ်တိုင် အောက်တိုဘာ ၂၉ ရက်က ကွင်းဆင်းရင်း လာဘ်စားတာ နဲ့ စစ်မှုထမ်းကိစ္စတွေမှာ ဥပဒေကျော်လွန်လုပ်နေတာကြောင့် သတိပေးခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013