
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ရေလာလေးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၁ ရက် မနက်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
Earthquake Peoples Pefence Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရေလာလေးရွာက ပျူရွာဗျ။ ပခုက္ကူအနောက်ဘက် ၁၇ မိုင်လောက်ဝေးတယ်။ အဲ့ဒီပျူရွာထဲမှာရှိတဲ့ စစ်တပ်အထိုင်စခန်းကို ရွာထဲအထိဝင်ပြီး တိုက်ခဲ့တာပါဗျ” လို့ ပြောပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ယောက်ထက်မနည်းသေဆုံးကာ ၇ ယောက်အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) ရဲ့ ဗဟိုကော်မတီဝင်၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ကိုကျော်ဟိဏ်းက “သူတို့စခန်းထဲမှာ အင်အား ၃၀ နီးပါးလောက်ရှိတယ်။ ဒီဘက်က ရဲဘော်တွေက အဲ့ဒီရွာထဲအထိဝင်ပြီး သူတို့စခန်းရဲ့ အထိုင်စခန်းနဲ့ ဘန်ကာတွေကို တဆင့်ချင်း တိုက်ခိုက်ချေမှုန်းခဲ့တာပါ။ တိုက်ပွဲကြာချိန်ကတော့ တနာရီခွဲလောက်ကြာခဲ့ပါတယ်ဗျ။ ကျန်တဲ့ ကောင်တွေကတော့ စခန်းစွန့်ပြီး ထွက်ပြေးသွားကြတယ်ဗျ။ စကစဘက်က လေကြောင်းကနေ ဗုံးကြဲတာနဲ့ ပစ်ကူ ၄ ကြိမ်လုပ်တယ်။ အဲ့ဒိလေကြောင်းပစ်ကူတွေကြောင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်က ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ရဲ့ တပ်စိပ်မှူးရဲဘော် ထောင့်မကျိုး (ခေါ်) ဟိန်းမင်းခန့် နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရထားတဲ့ ရဲဘော်ကိုထက် တို့ ကျဆုံးသွားခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူကနေတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးသွားခဲ့တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး နဲ့ ဒေသခံပြည်သူ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့အတွက် ဆေးကုသမှုတွေခံယူနေတယ်လို့ သူကဆက်ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲကနေ ၆၀ မမစိန်ပြောင်း ၁ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ M2 ကာဘိုင်သေနတ် ၁၂ လက်၊ ရှော့ဂန်းသေနတ် ၃ လက်တို့နဲ့အတူ ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွက် စစ်ရေးရည်မှန်းချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အမှတ် ၈ စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ Earthquake peoples defence force၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်(Local)တပ်ရင်းတို့နဲ့အတူ Kamma Revolution Force တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း ရေလာလေးကျေးရွာနဲ့ အနီးနားက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး နောက်ဆက်တွဲအခြေအနေကိုသိရဖို့ DVB က ဆက်လက်စုံစမ်းနေပါတယ်။