DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ အရေပြားရောဂါဖြစ်ပွားမှုနှင့်  သောက်သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့နေရ
DVB
·
December 13, 2024
ရခိုင်ပြည်နယ်၌ အရေပြားရောဂါဖြစ်ပွားမှုနှင့်  သောက်သုံးရေ ရှားပါးမှုပြဿနာ ကြုံတွေ့နေရ
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ဒေသခံတွေဟာ အရေပြားရောဂါဖြစ်ပွားမှု များပြားနေကြတယ်လို့  ရခိုင်ဒေသခံတွေထံက သိရပါတယ်။ 

ဒေသတွင်း အရေပြားရောဂါအဖြစ်များနေတာဟာ ၁ နှစ်နီးပါးကြာရှိလာနေပြီဖြစ်ပြီး အရှင်းပျောက်ကင်းသွားတာမရှိဘဲ တချို့နေရာတွေမှာ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။ 

အရေပြားရောဂါကို ဆိုးဆိုးရွာရွားခံစားနေရတဲ့ မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတယောက်က “ယားနာတွေ ပေါက်တာ တအားများလာပါတယ်။  အိမ်တအိမ်မှာ ယားနာမပေါက်တဲ့သူ မရှိသလောက်ပဲ။ ကလေးနဲ့ အမျိုးသမီးတွေ ပိုအဖြစ်များကြတယ်။  တချို့အနာတွေက ပျော့ပြဲနေကြတာပဲ။ ဆေးဝယ်လိမ်းကြတာတွေ ရှိပေမဲ့ အရှင်းမပျောက်ကြဘူးဖြစ်နေတယ်” လို့ပြောပါတယ်။ 

သံတွဲမြို့နယ်ဘက်က ကျေးရွာတွေမှာလည်း အရေးပြားရောဂါ ဖြစ်ပွားနေပြီး လူဦးရေကတော့ ရာနဲ့ချီရှိနေပြီး ကလေးသူငယ်တွေအဓိကပါဝင်တယ်လို့ သံတွဲဒေသခံတွေဆီကနေသိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ နိုဝင်ဘာ ဒုတိယအပတ်ကစလို့ သောက်သုံးရေကန်တွေ ခန်းခြောက်လာပြီး ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရတာကြောင့် အကန့်အသတ်နဲ့သာ သုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာကြုံတွေ့နေရပေမဲ့ အခုအခါ ကျေးရွာ အတွင်း စစ်ဘေးရှောင်တွေ ပိုများလာတာကြောင့် ရေရှားပါးတဲ့ပြဿနာကို စောစီးစွာ ကြုံတွေ့နေရတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ရေခပ်တဲ့ အလုံးအရေအတွက်ကို ထိန်းလိုက်တယ်။ တရက်မှာ ရေဂါလန်ဘူး နှစ်ဘူးပဲ ခပ်ခွင့်ပြုတာမျိုး၊ ရေခပ်တဲ့အချိန်ကို ကန့်သတ်လိုက်တာမျိုး ဥပမာ မနက် ၇ နာရီကနေ ၉ နာရီထိ ညနေဆိုရင် ၄ နာရီအထိ ရေခပ်ရမယ်ဆိုပြီး ကန့်သတ်တာမျိုးတွေရှိပါတယ်။ ခုနောက်ပိုင်းတော့ တွန်းလှည်းတွေနဲ့ ရေခပ်တာကိုပါ တားမြစ်ထားတာမျိုးတွေ ရှိပါတယ်။ တယောက်စာပဲ ရေခပ်ခွင့်ပြုတယ်၊ ၁၁ လပိုင်း လလယ်လောက်တည်းက ရေရှားနေတာပါ၊ သောက်ရေတလုံးရဖို့ ရွာနဲ့ တမိုင်လောက်ဝေးတဲ့ နေရာတွေကို သွားခပ်နေရတယ်။”

သောက်သုံးရေကန်တွေမှာ ရေခန်းနေတာကြောင့် ချောင်းရေတွေကို သုံးရေနဲ့ ချိုးရေအဖြစ် အသုံးပြုနေကြရတာပါ။

ရေမသန့်ရှင်းမှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်ဦးရေ ၁၀၀ နီးပါးဟာ ဝမ်းပျက် ဝမ်းလျှောရောဂါကို ခံစားနေကြရပြီး လုံလောက်တဲ့ ဆေးဝါးကုသခံယူခွင့် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတယောက်က “ခု ဒီရေရှားပါးမှုပြသာနာတွေ ကြုံနေရတာ ပေါ့နော်။ ဒီရေရှားပါးမှုပြသာနာကို တလနှစ်လအတွင်း အချိန်မီသာ မပြင်ဆင်နိုင်ခဲ့ရင် ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၆၀၀၀၀ ဝန်းကျင်လောက်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ဘေးရှောင်သူတွေ အများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရေရှားပါးမှုနဲ့အတူ အရေပြားရောဂါဖြစ်ပွားနှုန်း မြင့်မားနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က ပြောပါတယ်။ 

"ပုဏ္ဏားကျွန်းဘက်မှာက နယ်ခံတွေရော စစ်ဘေးရှောင်တွေရောဖြစ်ကြတယ်။ စစ်ဘေးရှောင် တွေကတော့ ပိုအဖြစ်များတာပေါ့။ ယားနာတွေက ပေါ်လိုက်ပြန်ပျောက်လိုက်ဖြစ်နေတယ်။ တစ်ချို့ဆိုပျောက်ကိုမပျောက်ဘူး။ လူကြီးတွေထက်ကလေးတွေမှာဖြစ်ရင်အခြေနေပိုဆိုးတယ်။ ဖြစ်နေတာ နှစ်ချီကြာတော့မယ်။ မပျောက်နိုင်ကြသေးဘူး။  ဆေးဝါးသေချာ မကုနိုင် ကြတာလည်းပါတာပေါ့လေ။”

ရခိုင်မှာတိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်ဆို့ခံရပြီးနောက် ဒေသတွင်း ဆေးဝါးပြတ်လပ်နေသလို စျေးအဆမတန်မြင့်နေတာကြောင့် ဆေးရုံဆေးခန်းတွေ ပုံမှန်မလည်ပတ်နိုင်ဘဲ ဆေးဝါး ကုသမှုပိုင်းတွေမှာ အခက်အခဲကြုံနေကြရပါတယ်။ 

လက်ရှိ ဒေသတွင်းဖြစ်ပွားနေတဲ့ အရေပြားရောဂါကိုလည်း ဆေးဝါးအခက်ခဲ၊ ကုသစရိတ် အခက်ခဲတွေကြောင့် ပျောက်ကင်းအောင်မကုသနိုင်ရာကနေ အရှင်းပျောက်ကင်းမသွားဘဲ နေရာဒေသအလိုက် ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013