ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်သုံးလုံးတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ယောက် ဒဏ်ရာရ၊ တပ်ဖွဲ့ဝင် ၁၆ ယောက် သေဆုံးခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၄ ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ KIC က ဖော်ပြထားပါတယ်။

၁ ပတ်လောက်ကြာတဲ့ ဒီတိုက်ပွဲမှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ Force For Federal Democracy(FFD) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဖာပွန်ခရိုင်ထဲက အကြမ်းဖက်စစ်ကောင်စီရဲ့ ဆင်စွယ်တပ်စခန်းကိုလည်း ဒီဇင်ဘာ ၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ပြီး ဒီစခန်းတွေဟာ ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားတဲ့တပ်စခန်းတွေဖြစ်ပြီး စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး အဲဒီက စစ်ကောင်စီတပ်သားတွေဟာ တောင်သုံးလုံးစခန်းမှာ သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။