DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာရောက် တော်လှန်ပြည်သူများ ပြည်တွင်းပြန်ဝင်ပါက သတိထားရန်တိုက်တွန်း 
DVB
·
December 12, 2024
နိုင်ငံတကာရောက် တော်လှန်ပြည်သူများ ပြည်တွင်းပြန်ဝင်ပါက သတိထားရန်တိုက်တွန်း 
Donate to DVB

နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်နေတဲ့ ပြည်ပရောက် တော်လှန်ပြည်သူတွေအနေနဲ့ ပြည်တွင်းကို ပြန်ဝင်လာတဲ့အခါ စောင့်ကြည့်ဖမ်းဆီးခံရတာတွေ ရှိနေတာကြောင့် သတိထားကြဖို့ ဥပဒေကျွမ်းကျင်သူက အကြံပြု တိုက်တွန်းပါတယ်။

နိုင်ငံတကာမှာ ပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ထောက်ခံဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ကြိုးစား တဲ့တော်လှန်ပြည်သူတွေရဲ့ အချက်အလက်တွေက လေဆိပ်မှာ ရှိနေပြီး ချက်ချင်းအဖမ်းခံရတာရှိတယ်လို့ ဖမ်းဆီးခံရသူနဲ့  နီးစပ်သူတွေဆီကနေ သိရပါတယ်၊

ပြီးခဲ့တဲ့ လပိုင်းတုန်းက ဥရောပနိုင်ငံတခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲတခုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက်က မြန်မာနိုင်ငံကိုပြန်အလာ ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ ချက်ချင်း ဖမ်းဆီးခံလိုက်ရပြီး အမှုဖွင့် တရားစွဲဆိုကာ ထောင်ချခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။

“အစ်မကြီးတယောက် NUG နဲ့ပတ်သက်ပြီးတော့ ဆန္ဒပြပွဲတွေပေါ့သူပါတယ်၊ သူပါတဲ့ အချက်အလက်တွေကို အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးက သူရဲ့ ဓာတ်ပုံတွေ အချက်အလက်တွေ ကိုယူတယ်၊ သူဒီဘက်နိုင်ငံကို ပြန်လာတဲ့အချိန်မှာပဲ ဒီဘက်နိုင်ငံက လေဆိပ်က သူ့အချက်အလက်တွေနဲ့ ဒေတာနဲ့ သူ့ကိုဖမ်းလိုက်တယ်။ ချက်ချင်းစစ်ကြောရေးကိုခေါ်တယ်။ စစ်ကြောရေးမှာ ဒါတွေ ဒါတွေလုပ်ခဲ့လားဆိုပြီး ရိုက်ပြီးနှက်ပြီး စစ်ဆေးတာတွေလည်းရှိတယ်၊ နောက်သူ့ကို ပုဒ်မ ၅၀၅- က တပ်လိုက်တယ်။ တရားစွဲလိုက်တယ်၊ ခုတော့ ထောင် ၃ နှစ်ချလိုက်တယ်။”

ပြည်ပက တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတယောက် မြန်မာနိုင်ငံပြန်ဝင်လာတဲ့အခါ လေဆိပ်မှာ အချက်အလက် ဓာတ်ပုံအတိအကျနဲ့ စစ်ဆေးခေါ်ဖို့ အတွင်းခန်းကို ခေါ်ယူသွားတာတွေမြင်တွေ့ခဲ့ရကြောင်း လေဆိပ်မှာမျက်မြင်ကြုံခဲ့ရသူတယောက်ကလည်း ပြောပြပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ်ငွေကြေးသုံးစွဲကာ တော်လှန်ရေးထောက်ပို့လုပ်ငန်းတွေမှာပါဝင်သူတွေလည်း ဆက်တိုက်ဆိုသလို အကောင့်ပိတ်ခံရတာ ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရတာတွေလည်းရှိနေတယ်လို့ ဥပဒေအကြံပေးတယောက်က ပြောပါတယ်။

ဒီလိုကိစ္စရပ်တွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် တော်လှန်ရေးမှာပါဝင်နေကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ သတိထား နေထိုင်ကြဖို့ အကြံပြုတိုက်တွန်းပါတယ်။

ဥပဒေအကြံပေးတယောက်က  “တချို့ကိစ္စတွေမှာ တော်လှန်ပြည်သူတွေက အရမ်းကို ရိုးသားလွန်းတယ်။ ကိုယ့်ရဲ့ အန္တရာယ်ကိုမမြင်ဘူး။ ကိုယ့်ရဲ့ ဆုံးရှုံးမှုကိုတောင်မမြင်ဘဲနဲ့ ထောက်ပံ့ပေးနေကြတယ်။ တော်လှန်ပြည်သူတွေမှာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးတာတွေ အများကြီးပဲ ဖြစ်နေတာ။ သူတို့တွေက ဘယ်ဟာတွေကို ပြင်ဆင်တယ်။ ဖြည့်စွက်တယ်။ ဘယ်ဟာကို လက်တလုံးခြားလုပ်နေလဲဆိုတာ တော်လှန်ပြည်သူတွေကလည်း သိသင့်တယ်။ အစစအရာရာ ဉာဏ်လေးတွေ သုံးကြပါ။ သတင်းလေးတွေကိုနားစွင့်ကြပါ။ နောက်တခုက ဥပဒေတွေကိုလည်း နားလည်အောင် ဥပဒေ တတ်သိနားလည်တဲ့ ဥပဒေပညာရှင်၊ ယုံကြည်စိတ်ချရတဲ့ ဥပဒေပညာရှင်တွေကို မေးမြန်းပါ”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှ အခု ဒီဇင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူပေါင်း ၂၇၈၅၁ ယောက်ရှိပြီး ၂၁၂၈၃ ယောက်က ထိန်းသိမ်းခံနေရဆဲဖြစ်ကာ  ၉၆၅၇ ယောက် ကတော့ ထောင်ဒဏ်ချမှတ်ခံထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013