
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းကို ထိန်းချုပ်ဖို့ မုံရွာမြို့နဲ့ အနီးကပ်ဆုံးတည်ရှိတဲ့ ကနီမြို့နယ်ထဲက လမ်းပိုင်းတွေကို စစ်အာဏာရှင်တပ်က စတင်ပစ်မှတ်ထားနေပြီး စက်တင်ဘာ လဆန်းပိုင်းမှာ ကနီမြို့နယ်ထဲကလမ်းပိုင်းတွေကို တပ်သားအင်အား ၇၀၀ ကျော် ၈၀၀ နီးပါး တိုးမြှင့် ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ကျန်အထိုင်စခန်းတွေနဲ့ ကနီမြို့ပေါ်က အင်အားတွေနဲ့ပေါင်းရင် ကနီမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ်က တပ်သားအင်အား ၁,၀၀၀ ကျော် အသုံးပြုထားတာဖြစ်ပါတယ်။ မုံရွာကနေ ကနီ-ယာကြီးအထိ ၅ မိုင်တဂိတ်နှုန်းချထားဖို့ အားထုတ်နေတာဖြစ်ပါတယ်။
ကနီမြို့နဲ့ မုံရွာမြို့ကြား ချင်းတွင်းမြစ်ကမ်းဘေး မုဌောကျေးရွာကိုလည်း စစ်တပ်က ထိန်းချုပ် ထားပြီး ရေလမ်းခရီးလမ်းကြောင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ ဖြတ်တောက်ထားကာ ကနီဒေသတွင်းကို တဖြေးဖြေးချင်းဝင်ရောက်ပြီး ထိန်းချုပ်ရေးလုပ်ငန်းကို ဗျူဟာတကျ ပြုလုပ် နေပါတယ်။
ကနီကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က “ဟိုကောင်တွေက ၃၄ မှာလေ၊ အောင်သမာဓိ၊ အဲ့ဒီရယ် ၂၆ ရယ်၊ ရွာကိုတော့မထိုင်ဘူး၊ များတယ် အင်အားက ၇၀၀-၈၀၀၊ မသွားဘူး ကလေး ကနေ အရင်တသုတ်တက်သွားတဲ့ဟာတွေက ပြန်ဆင်းလာတာ မင်းကင်း ကျော်ရွာ ရောက်နေတာ၊ ကျော်ရွာကနေ နည်းနည်းထွက်သယောင်လေးပြလို့ ဒီဘက်က မင်းကင်းအဖွဲ့တွေက နည်းနည်း လှုပ်တယ်လေ၊ လှုပ်တော့ကြတော့ ကျော်ရွာထဲပြန်ဝင်သွားတယ်၊ တာဝါတိုင်ကို မတက်လောက်ဘူး၊ သူတို့က ယာကြီးမှာပဲထိုင်မယ်၊ ၅ မိုင်တဂိတ်ပုံစံမျိုး ယာကြီးထိုင်ပြီးတော့ ဒီလမ်းပိုင်းကို သူတို့ ထိန်းချုပ်နိုင်တယ်ဆိုတဲ့အကြောင်း သူတို့ အလုပ်လုပ်တော့မှာ၊ ချောင်းမနဲ့ ကနီလမ်းပိုင်းကလည်း ချောင်းမတပွိုင့်နဲ့ မုဌောမှာလည်း ထိုင်လိုက်ပြီလေ၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ကို ဖြတ်တောက်ပလိုက်တာလေ ဟိုဘက် ဇက်ပို့တဲ့နေရာကို၊ အဲ့ဒီကြတော့ ပြည်သူတွေမှာ အကုန်လုံး အကျပ်အတည်းရိုက်သွားပြီ၊ ဘာလို့လဲဆိုတော့ ဟိုဘက်ကမ်းသွားရေးလာရေးကြတော့လည်း မုဌောကနေပြီးတော့ ပိတ်လိုက်ပြီ၊ ကနီနဲ့မုဌောကြတော့လည်း ၅ မိုင်ထိအောင်မဝေးတော့ဘူးလေ၊ မုဌောနဲ့ချောင်းမ ၅ မိုင်၊ ချောင်းမနေ အောင်မင်္ဂလာမှာလည်း သူ့တို့ချန်ထားတဲ့ဟာရှိတယ်လေ ဇီးပင်တွင်းက၊ အဲ့ဒီဇီးပင်တွင်းကနေ ၂၆၊ အဲ့ဒီကနေ ၃၄၊ နဂို ရဲကင်းနေရာကို ရဲဂိတ် ပြန်ချမယ့် အနေအထားလားပေါ့”လို့ ပြောပါတယ်။
ဇွန်လနှောင်းပိုင်းကစပြီး ကလေးမြို့ကနေ အိန္ဒိယနယ်စပ် တမူးအထိ ကုန်သွယ်ရေးလမ်းပိုင်း နေရာ အများစုကို စစ်ကောင်စီက ထိန်းချုပ်ခဲ့တာပါ။
အထက်ဘက်လမ်းပိုင်းကို ထိန်းပြီးနောက် အောက်ပိုင်း မုံရွာမြို့နဲ့အနီးကပ်ဆုံး ကနီမြို့နယ်၊ မင်းကင်းမြို့နယ်တွေကနေတဆင့် ကလေးဝ-ကလေးမြို့အထိ ဆက်သွယ်ထားတဲ့လမ်းပိုင်းကို စစ်တပ်က အပိုင်းလိုက်ခွဲပြီး ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ လတ်တလောဗျူဟာမှာ နယ်မြေထိန်းချုပ်ရေးအပြင် ပြည်သူကိုပြန်လည်စည်းရုံးရေး၊ အထိုင်နေရာတွေ အခိုင်အမာချထားရေးတို့ကို စနစ်တကျပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ကနီဒေသခံပြည်သူတယောက်က “အနီးကပ်ဆုံး ကနီတောင်ခြမ်း ချောင်းမကနေ ယာကြီးအထိ ကြားထဲမှာ သူတို့စစ်ကြောင်းတွေအကုန်ရှိတာပဲ၊ နေရာတိုင်း ဟိုနားတအုပ်စု ဒီနားတအုပ်စု၊ ပြီးရင် ကနီနယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တလျော်ကျင်းမှာလည်း စစ်ကြောင်းထိုးထားတာရှိတယ်၊ ပြည်သူတွေ လက်ရှိအခြေအနေကတော့ နည်းနည်းလောက်လွတ်မယ်ထင်တဲ့ကျေးရွာတွေ၊ တချို့ကလည်း မြို့ပေါ်တွေပေါ့၊ ရှောင်ရှားနေရတယ်၊ ပြည်သူတွေအခြေအနေကတော့ တော်တော်ကို ဒုက္ခရောက် တာတွေ တွေ့ရတာပေါ့၊ စားဝတ်နေရေးကအစ အတော့်ကို ကျပ်တည်းပါတယ်၊ မိုးကလည်း လောလောဆယ်ကောင်းနေတော့ တောတွေထဲဘာတွေထဲ နေတဲ့ပြည်သူလည်း များတာကိုး၊ မိုးကားတို့ဘာတို့နဲ့ နေကြရတာလေ၊ အဲ့ဒီတော့ ကျန်းမာရေးအရပြောရရင် ဘယ် အဆင်ပြေမှာတုန်း၊ စစ်ကြောင်းနဲ့လွတ်ရာကနေ ပတ်ပြီးသွားရတာပေါ့ ကျန်းမာရေး တခုခု ဖြစ်တယ်ဆိုရင်တော့လေ၊ စစ်ကြောင်းကလည်း အခုက ကနီတောင်ခြမ်း တခြမ်းလုံးနီးပါးကြီး ထိုးနေတာကိုးဗျ။ အရှေ့ဘက်ခြမ်းလေး နည်းနည်းလောက်ပဲကျန်တာကိုး၊ လွတ်ရာသွားရတော့ သွားရလာရတဲ့စားရိတ်စကနဲ့ လက်ရှိဆီဈေးတွေနဲ့ မိုးရာသီအခက်အခဲတွေနဲ့ အခက်အခဲကတော့ များတာပေါ့ဗျာ”လို့ ပြောပါတယ်။
မိုင် ၈၀ ကျော်ရှည်လျားတဲ့ ကလေး-တမူးလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်အာဏာရှင်ဘက်က ၂ လနီးပါးအချိန်ယူခဲ့ရပြီး လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့ရတာပါ။
မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းဟာ ခန့်မှန်းခြေ ၁၁၅ မိုင်ကျော်ကွာဝေးပြီး ကလေးဝမြို့ကနေ ကလေးမြို့အထိ ခန့်မှန်းခြေ ၂၄ မိုင် ကွာဝေးတာကြောင့် မုံရွာမြို့ကနေ ယာကြီးလမ်းအတိုင်း ကလေးမြို့အထိ စုစုပေါင်း ခရီးအကွာဝေး မိုင် ၁၄၀ ဝန်းကျင်ရှိပါတယ်။
သုတချမ်းသာ











