
အမေရိကန် ဒုံးပျံကာကွယ်ရေးအေဂျင်စီဟာ ဂွမ်ကျွန်း (ဂူအမ်ကျွန်း) မှာ ပထမဆုံးအကြိမ် စမ်းသပ်မှုအတွင်း ဝေဟင်မှ ပစ်လွှတ်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် ပစ်မှတ်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ ကျွန်းရဲ့ ကာကွယ်ရေးစွမ်းရည်အတွက် အရေးပါတဲ့ မှတ်တိုင်တခုဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်ပစိဖိတ်ဒေသရှိ အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဂွမ်ကျွန်း ဟာဝိုင်အီထက် တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဗျူဟာမြောက် စစ်စခန်းတခုဖြစ်ပြီး ဒေသတွင်းမှာ အမေရိကန်ရဲ့ တည်ရှိမှုကို ထိန်းသိမ်းဖို့နဲ့ အလားအလာရှိတဲ့ ရန်သူတွေကို ဟန့်တားရာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
အောင်မြင်ခဲ့တဲ့ ဒုံးခွင်း စမ်းသပ်ပစ်လွှတ်မှုဟာ ခေတ်မီတိုးတက်လာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကနေ ဂွမ်ကျွန်းရဲ့ ကာကွယ်ရေးကို အားကောင်းလာစေရမယ်ဆိုတဲ့ ပင်တဂွန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြတာလည်း ဖြစ်ပါတယ်။
စမ်းသပ်မှုအတွင်း AN/TPY-6 ရေဒါအသစ်နဲ့ ဒေါင်လိုက် ပစ်လွှတ်ခြင်းစနစ်နဲ့ ပေါင်းစပ်ထားတဲ့ အေးဂျီးစ် ဂွမ် အကာအကွယ်စနစ်ဟာ စတန်းဒတ် ဒုံးခွင်းဒုံး (SM-3) ကို ပစ်ခတ်ခဲ့တာပါ။ အေးဂျီးစ် ဂွမ် အကာအကွယ်စနစ်ကို လေယာဉ်စမ်းသပ်မှုမစ်ရှင်-၀၂ လို့ နာမည် ပေးထားပါတယ်။
အမေရိကန် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်ရေးမှာ အဓိက ပါဝင်တဲ့ ရေသီယွန် ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ ဒုံးကျည်ဟာ အန်ဒါဆန် လေတပ်အခြေစိုက်စခန်းရဲ့ ကမ်းလွန်ကနေ ဝေဟင်ပစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ပစ်မှတ်ကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အောင်မြင်တဲ့ ဒုံးခွင်းဒုံးစနစ်ဟာ ပူးတွဲခြေရာခံခြင်း နည်းပညာကိုလည်း ထည့်သွင်းထားပြီး ဂွမ်ကျွန်းအတွက် လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစွမ်းရည်တွေ ပေါင်းစပ်ထားတဲ့ အဲဒီစမ်းသပ်မှုကို MDA ဒါရိုက်တာ ဒုတိယဗိုလ်ချုပ်ကြီး ဟိသ်ကောလင်းစ်က အဖွဲ့ရဲ့ အတိုင်းထက်အလွန် ကြိုးပမ်းမှုအဖြစ် ချီးကျူးခဲ့ပါတယ်။
အောင်မြင်တဲ့ ဒုံးခွင်းဒုံးဟာ ဂွမ် ကာကွယ်ရေးစနစ် (GDS) ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုကျယ်ပြန့်တဲ့ အစပျိုးမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ပေါင်းစပ်လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပံ့ပိုးပေးဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
Source: Reuters










