
မြောက်ကိုရီးယားနိုင်ငံဟာ အောက်တိုဘာ ၁၂ ရက်မှာ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တစင်းကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။
ဒီစမ်းသပ်မှုက ဒုံးကျည်ရဲ့ အရေးပါတဲ့ အဓိက အစိတ်အပိုင်းတခုကို နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှု အောင်မြင်ခဲ့တာ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောပါဘူး။
မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ အများကြီး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၁၂ ရက်မှာ ပြောခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားက ခုလို ကြေညာချက် ထုတ်ပြန်တာပါ။
တောင်ကိုရီးယားအစိုးရဘက်က မကြာသေးမီက အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တစင်းကို စမ်းသပ်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားက တလအတွင်း လေးကြိမ်မြောက် ပစ်ခတ်စမ်းသပ်တာလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တနင်္ဂနွေနေ့က ကာကွယ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ပြတိုက်တခုဆီ သွားကြည့်ခဲ့ပြီး အဲဒီပြတိုက်မှာ သူ့ဦးဆောင်မှုအောက်ကနေ ရခဲ့တဲ့ လက်နက်ထုတ်လုပ်မှုဆိုင်ရာ အောင်မြင်မှုတွေကို ပြသထားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အနေအထားကို မြှင့်တင်ပေးနိုင်မဲ့ နိုင်ငံရဲ့ လက်နက်စနစ်တွေကို “ပိုပြင်းပြင်းထန်ထန် အားထုတ်တဲ့နည်းလမ်းနဲ့ ဆက်တီထွင်ပြီး ပြည့်စုံကောင်းမွန်အောင် လုပ်သွားမယ်” လို့ ကင်မ်ဂျုံအန်းက ပြောတဲ့အကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters











