
United Health ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ စီအီးအို ဘရိုင်ယန်သွမ်ပ်ဆင်ကို မန်ဟက်တန်ဟိုတယ် အပြင်ဘက်မှာ ထင်ထင်ရှားရှား ပစ်ခတ်သတ်ဖြတ်မှုမှာ သံသယရှိသူ အမျိုးသားတယောက်ကို ဒီဇင်ဘာလ ၉ ရက်က အမေရိကန်ပြည်ထောင်စု၊ ပန်ဆလ်ဗေးနီးယား ပြည်နယ်၊ အာလ်တူးနာမြို့မှ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
မက်ဒေါ်နယ်ဆိုင်မှာ စားသောက်နေတဲ့ သံသယရှိသူကို နယူးယောက်မှာ ဆိုင်ဝန်ထမ်းတယောက်က ရဲတွေဝေငှနေတဲ့ သေနတ်သမားရဲ့ ဓာတ်ပုံတွေနဲ့ ဆင်တူတယ်လို့ သတိထားမိပြီးနောက်မှာ ဖမ်းဆီးရမိခဲ့တာလို့ ရဲက ပြောပြီး သံသယရှိသူဟာ လွီဂျီ မန်ဂျုံး အမည်ရှိ အသက် ၂၆ နှစ်အရွယ်ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ပါတယ်။
သူ့ကို အာလ်တူးနာ ရဲတပ်ဖွဲ့က သေနတ်ပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး တနင်္လာနေ့ ညနေပိုင်းမှာ စစ်ဆေးအရေးယူခဲ့ပါတယ်။
သူ့ကို လူသတ်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် နယူးယောက်ကို လွှဲအပ်ခံရဖွယ်ရှိပါတယ်။ မန်ဂျုံးကို တနင်္လာနေ့ ညပိုင်းက အစစ်ဆေးခံဖို့အတွက် အာလ်တူးနာမြို့ရှိ ဘလဲရ်ကောင်တီ တရားရုံးကို ပို့ဆောင်ခဲ့ပြီး သေနတ်နဲ့ဆိုင်တဲ့ အမှုတွေ၊ သေနတ်အတု ပြုလုပ်မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို အယူခံဝင်ခဲ့ခြင်း မရှိပါဘူး။ တရားရုံးမှတ်တမ်းတွေအရ နယူးယော့ခ်ရှိ အစိုးရရှေ့နေတွေဟာ မန်ဂျုံးကို လူသတ်မှုနဲ့အတူ သေနတ်ပြစ်မှု ၄ ခု တို့နဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။
မန်ဂျုံးကို စီအီးအို သွမ်ပ်ဆင်ကို ပစ်သတ်ရာမှာ အသုံးပြုခဲ့တဲ့ အသံတိတ်သေနတ် တလက်နဲ့အတူ တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲဒီသေနတ်ဟာ အစိတ်အပိုင်းတွေကို ပေါင်းစပ် တပ်ဆင်ထားတဲ့ ကိုယ်တိုင်ဆင် အိမ်လုပ်သေနတ် ဖြစ်တာကြောင့် ခြေခံရာလို့မရတဲ့ ပစ္စည်း (သရဲသေနတ်) လို့ နယူးယောက်မြို့ ရဲကော်မရှင်နာ ဂျက်စီကာတစ်ရှ်က ပြောပါတယ်။
ဒါ့အပြင် ပစ်သတ်ချိန်က လူသတ်သမား အသုံးပြုခဲ့တဲ့ အဝတ်အစား၊ မျက်နှာဖုံး နှာခေါင်းစည်းတွေနဲ့ ဆင်တူတာတွေကိုလည်း မန်ဂျုံးဆီမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တစ္ဆေသေနတ်ကို သရီးဒီပရင်တာနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်နိုင်ကြောင်း နယူးယောက်ရဲတပ်ဖွဲ့ NYPD မှ စုံထောက်အကြီးအကဲ ဂျိုးဆက်ဖ်ကန်နီက ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုမစခင် ရက်ပိုင်းအလိုမှာ မန်ဟက်တန်အဆောင်ကို ဝင်ရောက်ချိန်မှာ သေနတ်သမား အသုံးပြုခဲ့တဲ့ နယူးဂျာဆီအိုင်ဒီအတု အပါအဝင် မန်ဂျုံးမှာ လိမ်လည်ထားတဲ့ သက်သေခံအတုပေါင်းများစွာကိုလည်းတွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်သူ့မှတ်တမ်းတွေအရ မန်ဂျုံးဟာ မေရီလန်းပြည်နယ်မှာ ကြီးပြင်းကာ အထက်တန်းကျောင်း တက်ရောက်ခဲ့ပြီး သူ့မိဘတွေလည်း အိမ်မှာ ရှိနေတုန်းပဲလို့ သိရပါတယ်။
သူဟာ ၂၀၂၀ ပြည့်နှစ်မှာ ပန်ဆလ်ဗေးနီးယားတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့နဲ့ မဟာဘွဲ့တွေ ရရှိခဲ့ကြောင်း ဘွဲ့နှင်းသဘင် အစီအစဉ်တခုအရ သိရပါတယ်။
Source: Reuters