
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီရဲ့ ရိက္ခာကားနဲ့ လူနာတင်ဆောင်လာတဲ့ကားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က ပြောပါတယ်။
မတ် ၁၈ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်ကိုလာတဲ့ ရိက္ခာကား ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်း ၆ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
အဲဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ တနင်္သာရီမြို့ဘက်ကနေ မြိတ်ဘက်ကို လူနာတင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကား ၇ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရမ်းဖိုရွာအနီးမှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် တိုက်ခိုက်မှုအတွင်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားကာ စစ်ကောင်စီဘက်က ကားတစီး ထိခိုက်ပြီး ဒဏ်ရာရသူတွေအပြင် သေဆုံးမှုတွေ ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်။ လမ်းတလျှောက်လုံး သွေးအိုင်တွေချည်းပဲ” လို့ ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထဲမှာ ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်-၃နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA) တို့ ပါဝင်တယ်လို့ သိရပါတယ်။










