DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဖုန်း၊ အင်တာနက် အကန့်အသတ်မဲ့သုံးစွဲခွင့်ပမာဏ လျှော့ချ
DVB
·
December 10, 2024
မြန်မာပြည်တွင်း ဖုန်း၊ အင်တာနက် အကန့်အသတ်မဲ့သုံးစွဲခွင့်ပမာဏ လျှော့ချ
Donate to DVB

မြန်မာပြည်တွင်း ဖုန်းအော်ပရေတာတွေဆီကနေ ဝယ်ယူသုံးစွဲရတဲ့ လစဉ် အင်တာနက်ပက်ကေ့ချ်တွေကို ဒေတာသုံးစွဲခွင့်ပမာဏ လျှော့ချလိုက်ပြီး အကန့်အသတ်မဲ့ ပက်ကေ့ချ်ရောင်းချမှုတွေကိုပါ ပယ်ဖျက်ထားတယ်လို့ သုံးစွဲသူတွေဆီကနေ သိရပါတယ်။

လစဉ် အကန့်အသတ်မဲ့ ပက်ကေ့ချ်တခုက ပြီးခဲ့တဲ့လကရတဲ့ သုံးစွဲနိုင်တဲ့ပမာဏရဲ့ ထက်ဝက်နီးပါး လျှော့ချလိုက်ကြောင်း အော်ရီဒူးဖုန်းအင်တာနက် သုံးစွဲသူတယောက်က ပြောပါတယ်။

“အော်ရီဒူးကနေ အရင်က ၁၅၀၀၀ တန် ပက်ကေ့ချ်ဝယ်ရင် 30 GB ရတယ်။ အခု 17 GB ပဲ ဆိုတော့ မလွန်ဘူးလား။ သူတို့ မက်ဆင်ဂျာမှာသွားမေးတာလည်း ဘာမှမဖြေပေးဘူး။ အရင်က unlimited လို့ပြောပြီး ဝယ်ထားတဲ့ ပက်ကေ့ချ်ကလည်း အခုဆို youtube တွေ titok တွေလည်း ကြည့်လို့မရတော့ဘူး။”

ဒါ့အပြင် အရင်က ကျပ် ၁၀၀၀ တန် ပက်ကေ့ချ်ကို ဝယ်ယူရင် တပတ် သုံးစွဲနိုင်ပေမဲ့ အခုအချိန်မှာတော့ ၃ ရက်ပဲ သုံးခွင့်ရတော့တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် Mytel၊ အော်ရီဒူး၊ ATOM  နဲ့ MPT တို့ကို သုံးစွဲနေကြတာဖြစ်ပြီး အော်ပရေတာတွေ အကုန်လုံးနီးပါးက ဈေးတက်ကာ သုံးစွဲနိုင်တဲ့ အင်တာနက်ဒေတာ ပမာဏတွေ လျှော့ချထားတာလို့ သုံးစွဲသူတွေဆီကနေ သိရပါတယ်။

အော်ပရေတာတွေက တရားဝင်ထုတ်ပြန် ကြေညာတာမျိုးမရှိသေးဘဲ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစလို့ သိသိသာသာ လျော့ကျသွားတာလို့ စစ်ကိုင်းတိုင်းထဲက ဖုန်းအင်တာနက် သုံးစွဲသူတယောက်ကလည်း ပြောပါတယ်။

“အခုလက်ရှိ ဖုန်းဘေလ်ဝယ်ရတဲ့ အခြေအနေက တော်တော့်ကို ခက်ခဲသွားပါတယ်။ အရင်လတွေကဆို အဆင်ပြေသလောက်လေး ရှိပါသေးတယ်။ အခုဆိုရင်ဗျာ မိနစ်တွေ မက်ဆေ့ချ်တွေ ဒေတာတွေအကုန် လျှော့ချပစ်တာဗျ၊ အခုဆိုရင် ဒေတာဆို ၁၀၀၀ ဖိုးကို ၃၀၀ MB လောက်ပဲ ရတော့တယ်။ အဓိက ပိုပြီး ခက်ခဲသွားတာက သတင်းအချက်အလက် စီးဆင်းမှု နှောင့်နှေးကြန့်ကြာသွားတာပေါ့ဗျာ။”

လက်ရှိမှာ ဒေတာလျှော့လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အော်ပရေတာတွေဘက်ကို ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ အော်ဒီဒူးနဲ့ မိုင်တဲတို့က အခုချိန်ထိ ဖုန်းကိုင်ကာ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကတည်းက အင်တာနက်သုံးစွဲခွင့်တွေကို ပိတ်ဆို့ထားပြီး ပြည်သူတွေ အင်တာနက်သုံးစွဲရာမှာ ပိုခက်ခဲအောင် VPN သုံးစွဲခွင့်တွေ တားမြစ်တာတွေလည်း လုပ်ဆောင်နေတာပါ။

အခုအချိန်ထိ မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ ဖုန်းလိုင်းအသုံးပြုခွင့် ပိတ်ဆို့ခံထားရတာ နိုင်ငံရဲ့ ထက်ဝက်နီးပါးရှိတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013