
အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဧပြီ ၃ ရက်မှာ မဲပေးရွေးချယ်လိုက်ပါတယ်။
ဒီမနက်ကကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ လျှို့ဝှက်မဲစနစ်နဲ့ မဲပေးခဲ့ကြရာ မဲအရေအတွက် ၄၂၉ မဲ အပြတ်အသတ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာပြီး ဦးညိုစောက မဲအရေအတွက် ၁၂၆ မဲနဲ့ ဒုသမ္မတ - ၁၊ ဒေါ်နန်းနီနီအေးက မဲအရေအတွက် ၂၉ မဲနဲ့ ဒုသမ္မတ - ၂ ဖြစ်လာပါတယ်။
ဧပြီ ၂ ရက် လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်က နန်းနီနီအေးနဲ့ တပ်မတော်သားအစုအဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောတို့ကို ဒုသမ္မတလောင်း ၃ ယောက်အဖြစ် ရွေးချယ်ခဲ့ပြီး နာယက ဦးအောင်လင်းဒွေးက သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာတဲ့အတွက်ကြောင့် စစ်ယူနီဖောင်းချွတ်ပြီး စစ်အာဏာကို အမှန်တကယ် လက်လွှတ်မှာလားဆိုတဲ့ မေးခွန်းတွေက နိုင်ငံရေးစိတ်ဝင်စားသူတွေကြားထဲ အမေးအများဆုံး အကြောင်းအရာ ဖြစ်နေပါတယ်။
မတ် ၃၀ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ တပည့်အရင်းဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် (စရဖ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တဲ့အပေါ်မှာလည်း ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် တိုင်းပြည်အာဏာကို ဆရာတပည့်နှစ်ယောက် ခွဲပြီး အုပ်ချုပ်မယ်ဆိုတဲ့ ဝေဖန်သံတွေ ရှိခဲ့ပါတယ်။
ဝေဝေ










