DVB Logo
Home
မြန်မာသတင်း
ညောင်ဦးတွင် စက်သုံးဆီဆိုင်ပိုင်ရှင်ကို ပစ်သတ်ပြီး ငွေသိန်း ၅၀၀ ဓားပြတိုက်သွား
DVB
·
December 10, 2024
ညောင်ဦးတွင် စက်သုံးဆီဆိုင်ပိုင်ရှင်ကို ပစ်သတ်ပြီး ငွေသိန်း ၅၀၀ ဓားပြတိုက်သွား
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စက်သုံးဆီအရောင်းဆိုင်ကို ဒီဇင်ဘာ ၇ ရက် ည ၈ နာရီကျော်မှာ ဓားပြတိုက်ပြီး ပိုင်ရှင်တွေကို ပစ်သတ်သွားကာ ငွေသိန်း ၅၀၀ ကျော်ကိုလည်း ယူသွားကြတယ်လို့ ဒေသခံထံက သိရပါတယ်။

ညောင်ဦးမြို့ခံတယောက်က “မေရီမြင့် ဆီဆိုင် ဓားပြတိုက်ခံရပြီး အသတ်ခံရတဲ့ အလောင်းတွေ ညောင်ဦးဆေးရုံကို ရောက်လာကြတယ်လို့ သိရတယ်။ နောက်ထပ်တော့ ဘာမှ ထပ်မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ ဓားပြတိုက်ခံရတဲ့ မေရီမြင့် စက်သုံးဆီအရောင်းဆိုင်ဟာ ညောင်ဦး-ချောက် ကားလမ်းမပေါ်က မီးလောင်ဖျား(မြောက်)ကျေးရွာအနီးမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက “သူတို့ဆိုင်ရှိတဲ့ရွာနဲ့ ညောင်ဦးနဲ့ဆိုရင် ၁၀ မိုင်ကျော်လောက်ပဲ ဝေးတယ်။ ညဦးပိုင်း ၈ နာရီလောက်မှာ အိမ်စီးကားအဖြူရောင်နဲ့လာပြီး ဓားပြတိုက်သွားကြပြီးတော့ ပိုင်ရှင်အမျိုးသမီး ၂ ယောက်ကိုလည်း ပစ်သတ်သွားတယ်။ သူတို့ဆီက ငွေသိန်း ၅၀၀ ကျော်လည်း ယူသွားတယ်။ ညောင်ဦးမြို့နယ်မှာ ပျူစောထီးတွေက မြို့အရှေ့ဘက်ခြမ်းနဲ့ မြို့အနောက်ဘက်ခြမ်းဆိုပြီး ၂ ဖွဲ့ ရှိတယ်။ အခုဟာက ညောင်ဦးအနောက်ဘက်ခြမ်းက ပျူစောထီးတွေ လာပြီး ဓားပြတိုက်သွားတာလို့ စုံစမ်းသိထားရပါတယ်။ အဲဒီဆီဆိုင်ပိုင်ရှင်တွေက အတိုးပေး ငွေချေးတဲ့ အလုပ်လည်း လုပ်တယ်လို့ သိထားရတယ်။ အဲဒီအခင်းဖြစ်တဲ့ဆိုင်ကိုတော့ ရဲတွေက သာမန် စစ်ဆေးရုံလောက်ပဲ လုပ်သွားတယ်။ ကျနော်တို့လည်း တရားခံတွေပေါ်ဖို့ ညောင်ဦးအနောက်ခြမ်းက ကျနော်တို့အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

မေရီမြင့် စက်သုံးဆီအရောင်းဆိုင်က အသတ်ခံရလို့ သေဆုံးသွားကြသူတွေဟာ အသက် ၆၀ ကျော်အရွယ် ဆိုင်ပိုင်ရှင် ဒေါ်ရီရီမြင့်နဲ့ သူ့ရဲ့တူမဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်ချောစုတို့ ဖြစ်ကြပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဒေါ်ရီရီမြင့်ရဲ့ ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာနဲ့ ဒေါ်ချောစု ကတော့ ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာအပြင် ယာဘက်မေးရိုးဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး နေရာမှာပင် သေဆုံးသွားခဲ့ကာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးပြီး အလောင်းတွေကို  သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ညောင်ဦးမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညောင်ဦးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုဖြစ်စဥ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က ညောင်ဦးမြို့နယ် ကျေးရွာတရွာမှာ ဓားပြတိုက်ခံရလို့ ငွေသိန်း ၁,၀၀၀ ကျော်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ပါသွားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ညောင်ဦးမြို့နယ်အတွင်း ဓားပြမှုတွေမှာ ပါဝင်ခဲ့သူ တဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013