
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး တယောက် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သဲကုန်းမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၈ ရက် မနက် ၁ နာရီခွဲဝန်းကျင်က ရာအိမ်မှူး အေးထွန်းကို သူ့ရဲ့လယ်တဲမှာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။
“တဲမှာ သူတယောက်တည်း ရှိတဲ့အချိန် ရှင်းလင်းခဲ့တာပါ၊ ပြည်သူတွေတိုင်ကြားထားလို့ အချိန်ယူပြီး စောင့်ကြည့်ပြီးမှ ရှင်းလင်းမှုလုပ်ခဲ့တာပါ။”
ရာအိမ်မှူး အေးထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တက်ကြွစွာ ပူးပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ တော်လှန်ရေးရဲဘော်တွေကို စောင့်ကြည့်တာ၊ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဓမ္မဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
“အဲဒီလိုတွေမလုပ်ဖို့ ကျနော်တို့ တိုက်ရိုက်သတိပေးတာတွေ၊ ထုတ်ပြန်ချက်တွေမှာ သတိပေးတာတွေ လုပ်ပါတယ်။ မလိုက်နာလို့ ခုလိုအရေးယူတာပါ” လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က ဆက်ပြောပါတယ်။
အခု ပစ်ခတ်ရှင်းလင်းမှုကို သဲကုန်းမြို့နယ် ပကဖနဲ့ ပေါင်းတည်မြို့နယ် ပကဖမှ ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သဲကုန်းမြို့နေ ပြည်သူတွေကို စစ်ကောင်စီအလိုကျ မတရားဖိနှိပ်အုပ်ချုပ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာတွေ အပါအဝင် ခရီးသွားပြည်သူတွေကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီး ငွေညှစ်ခြင်း၊ ပြည်သူ့တော်လှန်ရေးကို နှောင့်ယှက်တားဆီးနေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို အမြဲစောင့်ကြည့်နေပြီး အဲဒီလိုလုပ်ရပ်တွေ လုံးဝ လုံးဝ မလုပ်ကြဖို့ သတိပေးအပ်ပါတယ်လို့လည်း ဆိုပါတယ်။